၁၉. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသရှိ Al-Ahli Baptist ဆေးရုံမှာ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့တဲ့ လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုက ဒေသတစ်ခွင်လုံးမှာ ဆန္ဒပြမှုတွေဖြစ်ပွားစေခဲ့ပြီး ဒီပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ နှစ်ဖက်အပြန်အလှန်စွပ်စွဲမှုတွေ ပြုလုပ်နေကြဆဲပါ။
အစ္စရေးဘက်က ဒီပေါက်ကွဲမှုဟာ အစ္စလာမ္မစ် စစ်သွေးကြွဂျီဟတ်အုပ်စုရဲ့ ပစ်ခတ်မှုက လိုရင်းမရောက်ဘဲ ဆေးရုံအနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အဲဒီအချက်ကို လက်ခံတယ်လို့ အောက်တိုဘာ ၁၈ ရက်မှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် ပါလက်စတိုင်းအရာရှိတွေနဲ့ အာရပ်ခေါင်းဆောင်အချို့ကတော့ ဂါဇာကို လေကြောင်းတိုက်ခိုက်မှုတွေပြုနေတဲ့ အစ္စရေးကြောင့် အဆိုပါဗုံးကွဲမှုဖြစ်ရတာလို့ စွပ်စွဲခဲ့ကြပါတယ်။ ဟားမားစ်နဲ့ ပြိုင်ဘက်အုပ်စုတစ်ခုဖြစ်တဲ့ အစ္စလာမ္မစ်ဂျီဟတ်အုပ်စုကတော့ ဒီပေါက်ကွဲမှုဟာ သူတို့ကြောင့်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဒီလို အပြန်အလှန်ငြင်းခုံစွပ်စွဲနေကြပေမယ့် ပေါက်ကွဲမှုကြောင့် ပါလက်စတိုင်းပြည်သူ ၄၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ဟားမားစ်တို့ရဲ့ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံး အတည်ပြုပြောကြားခဲ့ပါတယ်။ ဆေးရုံရဲ့ အရိုးရောဂါဌာနမှူးဆရာဝန်ကြီး ဒေါက်တာဖာဒယ်လ်နာအင်က “သူ့အနေနဲ့ ခွဲစိတ်မှုတစ်ရပ်ပြီးကာစလေးမှာပဲ နားကွဲမတတ်ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီးကိုကြားပြီးနောက် ဆေးရုံဝန်ထမ်းတွေ ကြောက်လန့်တကြားနဲ့ တချို့လည်းဒဏ်ရာတွေရပြီး ခွဲစိတ်ခန်းထဲပြေးဝင်လာခဲ့ကြတယ်။ အခန်းအပြင် ထွက်ကြည့်ရာမှာ အများအပြားက ခေါင်းတွေမရှိတော့တဲ့အထိ ဆိုးရွားစွာ ထိမှန် သေဆုံးနေသူတွေကိုလည်း တွေ့လိုက်ရတယ်။ များပြားလှတဲ့ဒဏ်ရာရသူ အရေအတွက်ကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။
ဗုံးကွဲမှုကြောင့် ဘယ်နှစ်ယောက်သေဆုံးလဲဆိုတာ ချက်ချင်းအတည်မပြုနိုင်ပေမယ့် နောက်ဆုံးမှာတော့ ၄၀၀ လောက်သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါပြီ။
အာရပ်နိုင်ငံတွေကတော့ ဒီပေါက်ကွဲမှုဟာ ဂါဇာကမ်းမြောင်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုနေတဲ့ အစ္စရေးလက်ချက်ပဲလို့ ဝိုင်းဝန်းစွပ်စွဲခဲ့ကြပါတယ်။ ဘယ်သူ့ လက်ချက်ပဲဖြစ်ဖြစ်ပါ။ ဒီပေါက်ကွဲမှုကြောင့် အစ္စရေး-ဟားမားစ်စစ်ပွဲအနေနဲ့ကတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်းရပ်ဆိုင်းမှုဖြစ်ရမယ့်အစား ပိုလို့တောင်တင်းမာမှုကို ဦးတည်နေစေတယ်လို့ ဆိုရမှာပါ။
Ref—–CNN