October 22, 2024

အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် တွေ့ဆုံဆွေးနွေးနေသော SAC ဥက္ကဋ္ဌနှင့် ရုရှားသမ္မတတို့အား တွေ့ရစဥ်

၁၂. ၁၁. ၂၀၂၂

Written By Phyo Wei

တောင်သူလက်ထဲမှာ စပါးမရှိတော့ချိန်မှ ထုံးစံအတိုင်းစျေးတက်တဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ပြင်ပပေါက်စျေးက တင်း ၁၀၀ ကို ကျပ် ၁၄ သိန်းလောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကတော့ စပါးတင်း ၁၀၀ ရဲ့ အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို ကျပ် ၆၃၀၀၀၀ သာ သတ်မှတ်လို့ ဝေဖန်နေရတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်တွေအဖြစ်တော့ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ဝယ်လာတော့မှာလားဆိုတဲ့ သုံးသပ်မှု၊ EV လျှပ်စစ်ယာဉ်တွေ တင်သွင်းဖို့ ကြိုးပမ်းလာမှုတွေ အကောင်အထည်ပေါ်လာနိုင်လားဆိုတဲ့ အမြင်တွေနဲ့ အစိုးရအဆက်ဆက်ချေးငွေတွေကို နိုင်ငံ့သိက္ခာအတွက် ပြန်ဆပ်နေရတဲ့ အခြေအနေတွေကို သုံးသပ်ပေးချင်ပါတယ်။

ရုရှားတွေဝင်လာမဲ့ မြန်မာ့စီးပွား

စစ်ရေးအရလောက်ပဲ အဓိက ပတ်သက်တယ်လို့ ဆိုနိုင်တဲ့ ရုရှားက SAC လက်ထက်မှာတော့ စက်သုံးဆီကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးစတဲ့ ကဏ္ဍစုံမှာ ပါဝင်ပတ်သက်မဲ့ အလားအလာတွေ အများကြီးတွေ့လာရပါတယ်။ ငွေရေးကြေးရေးကဏ္ဍမှာဆိုရင်လည်း ရုရှားရူဘယ်လ်နဲ့ ကျပ်ငွေတိုက်ရိုက်ပေးချေပြီး စက်သုံးဆီဖိုးပေးချေနိုင်ဖို့အထိပါ မျှော်လင့်လာသလို အကြမ်းဖက်သူတွေ ဖျက်ဆီးနေလို့ အလုံအလောက်မပေးနိုင်တော့တဲ့ လျှပ်စစ်ကဏ္ဍအတွက်လည်း နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ်ရလာဖို့အတွက် မျှော်လင့်နေကြတာမြင်ရပြန်ပါတယ်။

ခရီးသွားကဏ္ဍတွေမှာလည်း ရုရှားခရီးသွားတွေသာ မြန်မာပြည်ကို တကယ်ဝင်လာရင် သေဆုံးနေတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းအသက်ပြန်ရှင်လာမဲ့အခြေအနေလို့ မျှော်လင့်နေကြပေမဲ့ လက်တွေ့မှာတော့ အကောင်အထည်ဖော်နိုင်မှုနည်းနေသလို ရုရှားဖက်မှာကလည်း မြန်မာပြည်မှာ ဘာတွေကနေ စလုပ်လို့ရမလဲဆိုတာ အပြန်အလှန်လေ့လာနေတဲ့ အခြေအနေတစ်ခုကိုပဲ တွေ့နေရပါသေးတယ်။

သေချာတာကတော့ အစိုးရအချင်းချင်း ပူးပေါင်းဆက်ဆံပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ကြံဆရာမှာတော့ ဝုန်းကနဲတော့ ဒေါ်လာ ဘီလျံချီ ပစ်ဝင်မလာဘူးဆိုတာ NLD အစိုးရလက်ထက်မှာ တစ်လုံးတစ်ခဲတည်း ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်လို့ ထင်ခဲ့ကြတဲ့ အမေရိကန်က အဖက်တောင်မလုပ်တာနဲ့တင် ကျွန်တော်တို့ သင်ခန်းစာရသင့်နေချိန်ပါ။ ဒါ့ကြောင့် အခုမှ ထဲထဲဝင်ဝင်ဆက်ဆံမဲ့ရုရှားက ဘယ်အစိုးရတက်လာ တက်လာ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေကိုသာ တကယ်မြှုပ်နှံလာမယ်ဆိုရင်တော့ ရခိုင်အရေးကြောင့် ကမ္ဘာ့အလယ်မှာမျက်နှာပျက်ရဆဲနိုင်ငံတစ်ခုအတွက် Risk ယူ မြှုပ်နှံပေးမဲ့ FDI နိုင်ငံတစ်ခုတိုးလာပြီလို့ ဆိုရမှာပါ။ NLD အစိုးရဟောင်းလက်ထက်မှာဖြစ်ခဲ့တဲ့ ရခိုင်အရေးကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ အခုအချိန်အထိ မျက်နှာသာမရသေးဘူး မဟုတ်ပါလား။

EV တွေ တကယ်ဝင်လာမှာလား

လျှပ်စစ်ယာဉ်တွေ တင်သွင်းထုတ်လုပ်ဖို့အတွက် မြန်မာအစိုးရအဆက်ဆက်တာဝန်ယူခဲ့သူတွေမှာ အိပ်မက်စိတ်ကူးတွေတော့ မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ အကောင်အထည်တော့ မဖော်နိုင်ခဲ့ကြပါဘူး။ ဘာလို့ မဖော်နိုင်တာလဲဆိုတော့ မြန်မာနိုင်ငံမှာက လျှပ်စစ်တောင် နိုင်ငံ့ရဲ့ ၅၀ ရာခိုင်နှုန်းသာသာပဲ ပေးနိုင်ချိန်မှာ လျှပ်စစ်ယာဉ်တွေ ထုတ်လုပ်တင်သွင်းအသုံးပြုဖို့က နီးလျက်နဲ့ ဝေးနေသလိုဖြစ်နေလို့ပါပဲ။ အခြားတစ်ဖက်မှာလည်း EV တွေရဲ့ ဘတ္ထရီကုန်ကျစရိတ်အခြေအနေတွေ Charging Station တွေ တည်ဆောက်ဖို့အခြေအနေတွေ၊ သိန်း ၄၀၀၊ ၅၀၀ က စ ဝယ်ရမှာမို့ တော်ရုံလူ ဝယ်မသုံးနိုင်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပြန်ပါသေးတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ EV ယာဉ်တွေ တင်သွင်းဖို့အတွက် အကောက်ခွန်နှုန်းထားတွေကိုတော့ သုညရာခိုင်နှုန်းကို လျှော့ချလာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း လုပ်ငန်းရှင်တွေအများအပြားက လျှပ်စစ်ယာဉ်တွေ တင်သွင်းဖို့ လုပ်ဆောင်နေပြီမို့လို့ ၂၀၂၃ ခုနှစ်ထဲမှာတော့ မြန်မာနိုင်ငံက မြို့ကြီးအချို့ရဲ့ လမ်းမတွေပေါ်မှာတော့ လျှပ်စစ်ယာဉ်တွေ မြင်ရဖို့အလားအလာရှိနေပါပြီ။ အခြားတစ်ဖက်မှာကလည်း သာမန်ကုန်တင်ဖို့သုံးရတဲ့ Hijet လို Light Truck လို ယာဉ်မျိုးတွေကို လူစီးလုပ်လို့ တိမ်းမှောက်ပြီး အများအပြားသေကြေတာမျိုးတွေဖြစ်နေတာမို့လည်း တိုးတက်မှုအတွက် လုပ်ရာမှာ သာမန်ပြည်သူတွေဘ၀ အဆင်ပြေစေဖို့ တခြားသောလူစီးယာဉ်ကဏ္ဍမှာလည်း မလစ်ဟင်းသွားရင် ပိုကောင်းမှာပါလို့ အကြံပြုချင်ပါတယ်။

ပြည်ပထောက်ပံ့မှုမရပေမဲ့ နိုင်ငံ့သိက္ခာအတွက်
ပြန်ဆပ်ရတဲ့ ပြည်ပချေးငွေ

NLD အစိုးရဟောင်းလက်ထက်ကတည်းက ဖြစ်ခဲ့တဲ့ ရခိုင်အရေးကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ လျော့ကျခဲ့သလို နိုင်ငံတကာချေးငွေတွေကလည်း ထုတ်ယူသုံးစွဲနိုင်မှုအားနည်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ LDC ဖြစ်ခဲ့တာကြောင့် အစိုးရအဆက်ဆက်မှာ ပြည်ပကြွေးမြီတွေ ပြန်မဆပ်ခဲ့နိုင်ဘူးဆိုတဲ့ နာမည်ပျက်ကလည်း ရှိနေပါသေးတယ်။ ဒီလိုအခြေအနေဆိုးတွေဖြစ်နေချိန်မှာ ၂၀၂၁ ဖေဖော်ဝါရီဖြစ်စဉ်က အဆင်းဘီးတပ်ပေးရာမှာတော့ ပြည်ပချေးငွေတွေ၊ ထောက်ပံ့ငွေတွေ လုံး၀မရတော့တာကလည်း မထူးဆန်းပါဘူးလို့ ဆိုရမှာပါ။

ဒါပေမဲ့ USDP၊ NLD အစိုးရနှစ်ဆက်နဲ့ သူတို့ရှေ့က အစိုးရတွေ ချေးယူခဲ့တဲ့ ငွေတွေအတွက်တော့ မြန်မာနိုင်ငံက တစ်နှစ်ကို ဒေါ်လာ သန်း ၇၀၀ ကျော် ပြန်ဆပ်ရပါတယ်။ ဒီချေးငွေတွေ ပြန်မဆပ်ရင်တော့ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်တဲ့နိုင်ငံ၊ စစ်အာဏာမကြာခဏသိမ်းတဲ့နိုင်ငံ၊ ပိုက်ဆံချေးပြီးတိုင်းလည်း ပြန်မဆပ်တဲ့ အကျင့်ရှိတဲ့နိုင်ငံဆိုတဲ့ အဆိုးတကာ့အဆိုးဆုံး မကောင်းမြင်ပုံရိပ်တွေနဲ့ ဆက်ဖြစ်နေမှာပါ။ ဒါပေမဲ့ လက်ရှိတာဝန်ယူထားတဲ့ SAC အစိုးရကတော့ သူတို့တာဝန်ယူစဉ်ကာလမှာ အရင်အစိုးရအဆက်ဆက်ချေးထားခဲ့တဲ့ ပြည်ပချေးငွေတွေကို နိုင်ငံတကာက အထောက်အပံ့တွေ ချေးငွေတွေမပါဘဲနဲ့ ဒေါ်လာ ၁၄၉၅ သန်းအထိ ပြန်ဆပ်ထားနိုင်ပြီလို့ ပြောလာခဲ့တာ တွေ့ရပါတယ်။

အစိုးရတစ်ရပ်အဖြစ် တာဝန်ယူမယ်ဆိုရင်တော့ အရင်အစိုးရတွေရဲ့ ဆိုးမွေ၊ ကောင်းမွေကို ဆက်ခံရတာပါပဲ။ ကောင်းမွေကျတော့မှ ငါတို့လုပ်တယ်ဆိုပြီးပြော၊ ဆိုးတာကျ အရင်အစိုးရတွေလွှဲချနဲ့ ကျင့်ဝတ်ကင်းမဲ့တဲ့အစိုးရတချို့ကိုလည်း ကျွန်တော်တို့မြင်ဖူးခဲ့ပြီးပါပြီ။ လက်ရှိမှာတော့ ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်အထိ စာရင်းတွေအရ ပြည်တွင်းကြွေးမြီ ကျပ် ၄၁၃၄၁ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၈၂၁၀ ဘီလျံနဲ့ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၉၅၅၁ ဘီလျံကို စနစ်တကျပြန်ဆပ်မဲ့ အစိုးရတွေ၊ အရင်ကြွေးဟောင်းတွေကို နိုင်ငံတကာက လျော်ပေးအောင် လုပ်ဆောင်ပေးခဲ့တဲ့ ဦးသိန်းစိန်လို သမ္မတမျိုးတွေကနေ ကိုယ်ကျိုးမရှာတတ်တဲ့ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်(Statesman) တွေပဲ တိုင်းပြည်မှာပေါ်ထွန်းလာပြီး ကိုယ့်ပါတီအကျိုးစီးပွားနဲ့ သားတူညီများ ကောင်းစားရေးပဲ လုပ်တတ်တဲ့ ကိုယ်ကျိုးရှာခေါင်းဆောင်တွေကတော့ ထပ်မပေါ်ထွန်းလာပါနဲ့တော့လို့ ဆုတောင်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *