၁၆. ၁၀. ၂၀၂၃
Written by Tha Doe
သူနာတင်ယာဥ်ဖြင့် အရေးပေါ်လူနာပို့စဥ် လမ်းဖြတ်ကူးသူကို တိမ်းရှောင်ရာမှ အရှိန်လွန်ပြီး လမ်းဘေးတွဲကားကို ဝင်တိုက်မိ၍ သူနာတင်ယာဥ်ပေါ်ပါ လူနာနှင့် ပရဟိတယာဥ်မောင်း၊ ယာဥ်အကူပါသေဆုံးမှု ယခုည ၈ နာရီကျော်က ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ကနဦး သိရသည်။
ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၁၆ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က We Love Care ပရဟိတအဖွဲ့မှ အရေးပေါ်လူနာ တင်ဆောင်လာသောယာဥ်မှာ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံအနီး ပုလဲလမ်းမပေါ် တွင် လမ်းဖြတ်ကူးသူအား တိမ်းရှောင်ရာမှ လမ်းဘေးရပ်ထားသည့် ကွန်တိန်နာတွဲကားကို ဝင်တိုက်မိပြီး ယာဥ်ပေါ်ပါ အရေးပေါ် လူနာနှင့် ပရဟိတယာဥ်အကူသေဆုံးကာ ယာဥ်မောင်းအပါအဝင် ၄ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်တွေ့ခဲ့သူအချို့က MT News သို့ပြောသည်။
” ယာဥ်အကူနဲ့ လူနာက ဖြစ်စဥ်မှာတင် ကွယ်လွန်သွားတာ။ ကျန်တဲ့ ထိခိုက်တဲ့လူနာတွေဆေးရုံပို့တော့ ယာဥ်မောင်းကပါ ကွယ်လွန်တယ်လို့ သတင်းပို့ကြတယ်။ အခုက On Going Process ပဲ။ အကုန်လုံးက ထူပူနေတာ။ သေချာလား ချိတ်ဆက်နေကြတုန်း။ လောလော ဆယ် ကနဦးသိရတာ အဲဒါလောက်ပဲ” ဟု ဖြစ်စဥ်ကို ကူညီရာတွင် ပါဝင်သူတစ်ဦးက ဆိုသည်။
ထိုဖြစ်စဥ်အပေါ် Medical လူငယ်များ ပရဟိတအသင်းကလည်း We Love Care ပရဟိတအသင်းမှ အရေးပေါ်လူနာကို အသက်ကယ်နိုင်ရန် ကြိုးပမ်းပြီးမောင်းနှင်လာစဥ် အတင်းလမ်းဖြတ်ကူးသူအား တိမ်းရှောင်ရာမှ ရပ်ထားသောတွဲကားကို ဝင်တိုက်မိ၍ အရေးပေါ်လူနာနှင့် ပရဟိတအကူလူသေဆုံးကာ ယာဥ်မောင်းမှာ အနီရောင်အဆင့်(စိုးရိမ်ရ) ဖြစ်ကြောင်း သေဆုံးသူ ပရဟိတအကူလူငယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကျန်ရှိ၍ အထူးတလည်ဝမ်းနည်းမိကြောင်း ရေးသားထားသည်ကို တွေ့ရပြီး MT News သတင်းဌာနမှလည်း ဖြစ်စဥ်အသေးစိတ်ဆက်လက်စုံစမ်းနေကာ ထပ်မံသိရှိရသည်များ ဖော်ပြပေးမည်ဖြစ်သည်။
ဓာတ်ပုံ။ Medical လူငယ်များ၊ CJ