၁၉. ၁၀. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ် Kui Buri ဒေသတွင် နေထိုင်လျက်ရှိနေသော မြန်မာနိုင်ငံသားတစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့၏ ပစ်သ-တ်ခြင်းကိုခံခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အသက် ၃၀ အရွယ်ရှိ မြန်မာနိုင်ငံသား အေးကို ဆိုသူသည် စိတ်ရောဂါရရှိနေသူဖြစ်ရာ ကျေးရွာသားများကို ဓားဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများရှိနေခြင်းကြောင့် ထိုင်းရဲတပ်ဖွဲ့က ကြားဝင်ဟန့်တားခဲ့ရာမှ ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်း Kui Buri ရဲစခန်းသည် မြန်မာနိုင်ငံသားအေးကိုက ဓားဖြင့်ခြိမ်းခြောက်မှုများရှိနေသည့် တိုင်ကြားချက်ကိုလက်ခံရရှိခဲ့ပြီးနောက် အောက်တိုဘာ ၁၈ ရက် ညပိုင်းက သွားရောက်စစ်ဆေးခဲ့ရာ အေးကို ကို ၎င်းငှားရမ်းနေထိုင်နေသော အဆောင်အပြင်ဘက်တွင် တွေ့ရှိခဲ့ကြောင်း၊ လက်ထဲတွင်လည်း ဓားနှစ်ချောင်းကို ကိုင်ဆောင်ထားကြောင်း၊ ထိုင်း Kui Buri ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ Vattanachai Kirinil က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် နံပါတ်တုတ်နှင့် ကျဉ်စက်ကို ကနဦးအသုံးပြုပြီး အေးကိုကို ဟန့်တားဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းသည် ဓားဖြင့်ရဲများ၏တောင်းဆိုချက်များကို ငြင်းဆန်ခဲ့ပြီး ရဲတွေကို ပြန်သွားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အေးကို နှင့်ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံချိန်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် Theeraphat Jansuk ဆိုသူသည် အေးကို၏အနားတွင်ချော်လဲကာ လဲကျသွားခဲ့ကြောင်း၊ ထိုအချိန်တွင် အေးကို က ဘယ်ဖက်လက်တွင် ကိုင်ထားသော ဓားဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းလာသည့်အတွက် ရဲတပ်ဖွဲ့ဝင် Theeraphat Jansuk က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်အရ ၉ မမ ပစ္စတိုသေနတ်ဖြင့် အေးကိုကို နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အေးကိုတို့ ငှားရမ်းနေထိုင်နေသည့် အခန်းနားတွင် နေထိုင်သူတစ်ဦးဖြစ်သော Preecha Oeid က အေးကိုသည် ထူးဆန်းသော အပြုအမူလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း၊ မိမိ၏အခန်းရှေ့နားကို ဓားကိုင်ဆောင်ကာ လာရောက်ခဲ့ရာ ဖျောင်းဖြရန်ကြိုးပမ်ခဲ့သော်လည်း နားထောင်မှုမရှိကြောင်း၊ မိမိကိုသ-တ်ဖြတ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ခြိမ်းခြောက်မှုများကြောင့် ထိုင်းရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ထို့အပြင် အေးကိုသည် ပြီးခဲ့သော ၂ လကျော်ကလည်း စိတ်ရောဂါအခြေနေများကြောင့် ဓားကိုင်ဆောင်ပြီး ရွာသားများကိုသ-တ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းအချိန်က ရဲတပ်ဖွဲ့သည် ဆိုးရွားသော ထိခိုက်နာကျင်မှုများမဖြစ်စေရန်အတွက် အေးကိုကို ကြားဝင်ဟန့်တားနိုင်ခဲ့ကြောင်း အသက် ၃၉ နှစ်အရွယ်ရှိ Preecha Oeid က ပြောသည်။
Ref; thaiger