၁၉. ၁၀. ၂၀၂၃
Written by Peya
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ညောင်ဦးမြို့နယ်ရှိ ပုဂံခေတ်လက်ကျန် ကန်ကောများကို ပြန်လည် ပြုပြင်ရန် စီစဉ်နေကြောင်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပုဂံခေတ် ရေကန်များကို ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကာ ရေထိန်းသိမ်းမှုနည်းပါးပြီး ပုဂံဒေသတွင်လည်း ရေကြီးရေလျှံကာ ရေဝပ်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသည့်အတွက် ထိုသို့ ဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ရေကန်တွေကို ပြန်တူးသွားမှာ ဖြစ်ပါတယ်။ အလယ်ပုဂံ ရေကန်၊ မရိုးကန်နဲ့ ညောင်လက်ဖက်ကန်တို့ကို ပြုပြင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကာ ရေဝင်ရောက်မှု လမ်း အပါအဝင် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။