၁၉. ၁၀. ၂၀၂၃
Written by Nyein Kyaw
အပျော်စီးဇိမ်ခံသင်္ဘော Moken Cruises က ချောင်းသာတွင် အခြေစိုက်ပြီး ဂေါ်ရန်ဂျီကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း စသည့် ကျွန်းပတ်ခရီးစဉ်များကို လာမည့်နိုဝင်ဘာလအတွင်း စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“ချောင်းသာမှာ ဆက်ပြီးပြေးဆွဲမယ့် အစီအစဉ်ကတော့ အခုလောလောဆယ်ကတော့ ရေးဆွဲတုန်းပဲရှိသေးတယ်။ ဈေးနှုန်းတွေကတော့ မသတ်မှတ်ရသေးဘူး။ ချောင်းသာမှာ ဆွဲမယ့်ခရီးစဉ်က ဒီနိုဝင်ဘာလထဲ ဆွဲမှာပါ” ဟု Moken Cruises မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် အပျော်စီးဇိမ်ခံသင်္ဘော Moken Cruises သည် ရန်ကုန်မှ ချောင်းသာသို့ သွားမည့်ခရီးစဉ်အဖြစ် အောက်တိုဘာ ၂၂ ရက်တွင် ၂ ညအိပ် ၃ ရက်ခရီးစဉ်အဖြစ် စတင်ထွက်ခွာမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အပြီးတွင် ချောင်းသာအခြေပြု၍ ဂေါ်ရန်ဂျီကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း စသည့် ကျွန်းပတ်ခရီးစဉ်များကို ဆက်လက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်-ချောင်းသာက အောက်တိုဘာ ၂၂ ရက်ပေါ့နော်။ သူကတော့ တစ်ခေါက်ပဲပြေးဆွဲတာပါ။ နောက်ပိုင်းကျလို့ရှိရင် ချောင်းသာမှာပဲ ခရီးစဉ်ဆွဲတော့မှာ။ ရန်ကုန်ကိုတော့ မလာတော့ပါဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါသင်္ဘောပေါ်တွင် အိပ်ခန်းပေါင်း ၅ ခန်းပါဝင်မည်ဖြစ်ပြီး ခရီးသည်ဦးရေ ၁၃ ယောက် တည်းခိုနိုင်မည်ဖြစ်သည်။ လက်ရှိ ရန်ကုန်-ချောင်းသာ ၂ ညအိပ် ၃ ရက် ခရီးစဉ်တွင် ၁၃ ယောက်စာအတွက် ကျပ်သိန်း ၇၀ ကုန်ကျမည်ဖြစ်ပြီး သီးခြားအနေဖြင့် နှစ်ယောက်အိပ်အခန်း တည်းခိုမည်ဆိုပါက ကျပ် ၁၅ သိန်း၊ သုံးယောက်အိပ်အခန်း တည်းခိုမည်ဆိုပါက ကျပ် ၁၄ သိန်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။