၁၉. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသမှာ လူ ၅၀၀ ခန့်သေဆုံးခဲ့ရတဲ့ Al-Ahli Baptist ဆေးရုံ အောက်တိုဘာ ၁၇ ရက်မှာ ပေါက်ကွဲမှုက ဘယ်သူ့လက်ချက်ဖြစ်မလဲ အတိအကျမပြောနိုင်ကြသေးပေမယ့် အရှေ့အလယ်ပိုင်းဒေသအတွင်း အနောက်ဘက်ကမ်းဒေသ၊ လက်ဘနွန်၊ ဂျော်ဒန်၊ လစ်ဗျား၊ ယီမင်၊ တူနီးရှား၊ တူရကီ၊ မော်ရိုကိုနဲ့ အီရန်နိုင်ငံတို့မှာ ဒီပေါက်ကွဲမှုက အမေရိကန်နဲ့ အစ္စရေးတို့မှာတာဝန်ရှိတယ်လို့ စွပ်စွဲ ဆန္ဒပြမှုတွေ နှစ်ရက်အတွင်းဖြစ်ပွားမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။
အောက်တိုဘာ ၁၇ ရက်မှာ ဆေးရုံကို ဒုံးကျည်တစ်စီး ထိမှန်ပေါက်ကွဲပြီးချိန်မှာတော့ ဆန္ဒပြသမားတွေက အဲဒီနေ့ညမှာပဲ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ အမေရိကန်သံရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ စုစုပေါင်း ဆန္ဒပြသမား ၁,၀၀၀ ကျော်က အမေရိကန်သံရုံးအတွင်း ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ကြပြီး ဆန္ဒပြသမား ၁၀၀ ကျော်က ပါလက်စတိုင်းအလံတွေ ကိုင်ဆောင်ကာ သံရုံးနားကို ချဉ်းကပ်လာခဲ့ကြသလို တာဝန်ရှိသူတွေက သံရုံးကိုကာကွယ်ဖို့ မျက်ရည်ယိုဗုံးတွေကိုင်ဆောင်ထားတဲ့ တပ်သားတွေကို တပ်ဖြန့်ချထားခဲ့ကြပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ က အာရပ်ကမ္ဘာရှိပြည်သူတွေကို ဒေသအတွင်း အစ္စရေးသံရုံးတွေရှေ့မှာ ဆန္ဒပြကြဖို့ လှုံ့ဆော်ကြေညာချက်ထုတ်ခဲ့တာပါ။ ဒါပေမယ့် ဘေရွတ်မှာတော့ ဆန္ဒပြသမားတွေက အစ္စရေးကို အကူအညီပေးနေတဲ့အမေရိကန်နဲ့ ပြင်သစ်သံရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။ဆန္ဒပြသမားတွေက မီးလောင်ဗုံးတွေ၊ ကျောက်ခဲတွေနဲ့ပစ်ပေါက်ခဲ့ကြလို့ ဘေရွတ်မြို့၊ အမေရိကန်သံရုံးအနီးမှာဆိုရင် မီးလောင်မှုတွေ ဖြစ်ခဲ့ရပါတယ်။
ဂျော်ဒန်နိုင်ငံ၊ အမ္မန်မြို့မှာလည်း ဂျော်ဒန် ဆန္ဒပြသမားတွေက အောက်တိုဘာ ၁၇ ရက်မှာပဲ အစ္စရေးသံရုံးကို ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြပြန်ပါတယ်။ ဆန္ဒပြသမားအတော်များများက အတားအဆီးတွေကို ကျော်ဖြတ်ကာ သံရုံးနဲ့အတော်နီးနီးချဉ်းကပ်ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ သံရုံးလုံခြုံရေးတွေက မျက်ရည်ယိုဗုံးတွေအသုံးပြုကာ ဆန္ဒပြသမားတွေကို လူစုခွဲခဲ့ရပါတယ်။ ဆန္ဒပြမှုတွေက အမ္မန်မြို့မှာ အောက်တိုဘာ ၁၈ ရက်ညမှာလည်း ဆက်လက်ဖြစ်ပွားခဲ့တာမှာ အစ္စရေးသံရုံးရှေ့မှာ ရဲကားတွေနဲ့ကို ပိတ်ပင်တားဆီးခဲ့ရတယ်လို့ သိရပါတယ်။
ဆေးရုံပေါက်ကွဲမှုအပြီး ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အီဂျစ်နဲ့ ပါလက်စတိုင်းခေါင်း ဆောင်တွေနဲ့အတူ ဂါဇာအရေးတွေ့ဆုံဆွေးနွေးကြဖို့ ထိပ်သီးဆွေးနွေးပွဲ အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စီစဉ်ထားတာကို အောက်တိုဘာ ၁၈ ရက်မှာ ပယ်ဖျက်ခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အီမန်ဆာဖါဒီက ပါလက်စတိုင်းတွေကို စစ်ပွဲဆင်နွှဲနေမှုနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းမှ ဆွေးနွေးပွဲမှာပါဝင်သူတွေက ဆွေးနွေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။
Ref-Fox News, Reuters