၁၉. ၁၀. ၂၀၂၃
Written By Treasure
အောက်တိုဘာလအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အမျိုးသားလက်ရွေးစင်အသင်းတွေရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်တွေကို ထုတ်ပြန်ခဲ့ရာမှာတော့ မြန်မာအသင်းက အဆင့် ၃ ဆင့်အထိ တိုးတက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၁၅၈ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းအနေနဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အခုလို အဆင့်တွေတိုးတက်လာရတာဟာ စက်တင်ဘာလက နီပေါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့တာအပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲမှာ နိုင်ပွဲတွေရရှိခဲ့တာကြောင့် အောက်တိုဘာလအတွက် ရမှတ် ၁၀၁၂ မှတ်ရရှိလာခဲ့ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှတ်လည်း အခုလို ၃ ဆင့်အထိ မြှင့်တက်လာခဲ့ရတာဖြစ်ပါတယ်။
အာဆီယံအခြေစိုက် အားကစားစာမျက်နှာတစ်ခုဖြစ်တဲ့ ASEAN FOOTBALL ရဲ့ဖော်ပြချက်အရ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၉၄၊ ထိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၁၂၊ မလေးရှားအသင်းက ကမ္ဘာ့အဆင့် ၁၃၇၊ ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် ၁၃၈၊ အင်ဒိုနီးရှားအသင်းက ကမ္ဘာ့အဆင့် ၁၄၅၊ စင်ကာပူအသင်းက ကမ္ဘာ့အဆင့် ၁၅၅၊ မြန်မာအသင်းက ကမ္ဘာ့အဆင့် ၁၅၈၊ ကမ္ဘောဒီးယားအသင်းက ကမ္ဘာ့အဆင့် ၁၇၈၊ လာအိုအသင်းက ကမ္ဘာ့အဆင့် ၁၈၈၊ ဘရူနိုင်းက ကမ္ဘာ့အဆင့် ၁၉၁၊ တီမောအသင်းက ကမ္ဘာ့အဆင့် ၁၉၇မှာ ရပ်တည်နေပါတယ်။
အောက်တိုဘာလအတွက် ဖီဖာက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရ မြန်မာအသင်းဟာ ကမ္ဘာ့အဆင့် ၁၆၁ ကနေ ၁၅၈ ကို ရောက်ရှိခဲ့ပေမယ့် အာဆီယံအဆင့်သတ်မှတ်ချက်အရ အဆင့် ၇ နေရာမှာသာ ရပ်တည်နေဆဲဖြစ်ပါတယ်။
မြန်မာအသင်းဟာ ၂၀၂၀ ဒီဇင်ဘာလအထိ ကမ္ဘာ့အဆင့် ၁၃၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အဆင့်သတ်မှတ်ချက်တွေ ဆိုးဝါးခဲ့ရပြီး အခုနှစ် အောက်တိုဘာမှသာ ကမ္ဘာ့အဆင့်တွေ ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။