၁၈. ၁၀. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ထောင်တလုပ်ရပ်ကွက်၊ အမှတ်(၇)လမ်းရှိ စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး)ဝန်းတွင် ရေဝင်ရောက်သဖြင့် ဆေးရုံရှိ လူနာအားလုံးကို ဆေးရုံအဆောင်သစ်များသို့ ပြောင်း ရွှေ့ပေးထားရပြီး ဆေးရုံအတွင်းရှိရေမှာ အနည်းငယ်သာကျဆင်းနေကြောင်းလည်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ပြီးခဲ့သော အောက်တိုဘာ ဒုတိယပတ်က မိုးသည်းထန်စွာရွာသွန်းခြင်း၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ရေမြင့်တက်ခြင်းတို့ကြောင့် အနိမ့်ပိုင်းဖြစ်သည့် စိတ်ကျန်းမာရေး ဆေးရုံဝင်း၏ လျှောက်လမ်းနှင့်လူနာဆောင်များသို့ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေဝင်ရောက်မှုကြောင့် ဆေးရုံတက်နေသော လူနာ ၇၄၀ ကျော်ကို ရေလွတ်ရာ အဆောင်သစ်များသို့ရွှေ့ပြောင်းပို့ဆောင်ပေးထားကြောင်း ၊ လက်ရှိတွင် ပြင်ပလူနာဌာနသာ ရေကျဆင်းနေပြီး ကျန်ရှိသော အဆောင်များတွင် ရေ ၆ လက်မမှ ၂ ပေကျော်အထိ ရေများဝင်ရောက်နေသေးကြောင်း သိရသည်။
“ရေကတော့ တချိူ့အဆောင်တွေဆို ၂ ပေလောက် ကျန်သေးတယ်။ ရေဝင်ရောက်မှုနည်းအောင်တော့ သဲအိတ်တွေ ကာပေးထားတာတွေလည်း ရှိပါတယ်”ဟု ကယ်ဆယ်ရေး ဆောင်ရွက်သူ တစ်ဦးကပြောသည်။
လက်တလောတွင် ရေဝင်ရောက်မှုကြောင့် တာဝန်ရှိသူများက ဆေးရုံ ထရန်စဖော်မာဝန်းအတွင်းရှိ ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပေးခြင်း၊ ဆေးစတိုမှ ပစ္စည်းများကို ပြောင်းရွှေ့ပေးခြင်းများအပြင် X-Ray စက်များကို ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။ (Photo – San Lin Facebook)