October 19, 2024

ဓာတ်ပုံ - ထွဏ်း ဝါးလက်မှုအနုပညာသင်တန်းကျောင်း

၁၈. ၉. ၂၀၂၃

Written by Hey Mar

ဝါးလက်မှု လုပ်ငန်းတွေမှာ အရည်အသွေးပြည့်မှီတဲ့ ဝါးကုန်ကြမ်းတွေ ရရှိနိုင်ဖို့ လက်ရှိမှာ ပိုမိုခက်ခဲလာနေသလို အချောထည်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကော် ၊ ဆေး စတာတွေကလည်း သုံးနေကြတံဆိပ်ပင်ဖြစ်လင့်ကစား အရင်လို အရည်အသွေးမရတော့ဘဲ ပါဝင်တဲ့ ပမာဏတွေလည်း နည်းလာတယ်လို့ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ မြင်းကပါရပ်မှာ ဝါးလက်မှုသင်တန်းကျောင်း ဖွင့်လှစ်ထားသူ ဦးထွန်းလွင်က ဆိုပါတယ်။

ဝါးကုန်ကြမ်းရရှိမှု အခက်အခဲက ဝါးအထွက်နှုန်းလျော့တာမျိုးကြောင့်မဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး အခြေအနေ မနှစ်ကထက် ပိုမို ခက်ခဲလာနေတဲ့အတွက်လို့ သိရပါတယ်။ ဟုမ္မလင်း၊ ဗန်းမော်ဘက်က သင်္ဘောတွေ မထွက်သလို ကုန်းလမ်းကနေသယ်ယူရာမှာလည်း ဖြတ်ကျော်ရတဲ့ ငွေတောင်းခံဂိတ်တွေ များပြားလွန်းတာကြောင့် ကုန်သည်တွေရော လက်မှုပညာရှင်တွေပါ အခက်ကြုံနေပြီး စျေးကွက် ရရှိနေပေမယ့် ဆက်ဖို့ ခက်နေတဲ့ အနေအထားလို့ ဦးထွန်းလွင်က ရှင်းပြပါတယ် ။

ဦးထွန်းလွင်က”လက်ရှိတော့ နေပြည်တော် ပျဥ်းမနားဘက်က ဝါးတွေပဲ သုံးနေရတာပေါ့။ ကျွန်တော်တို့လိုလက်မှုပညာရှင်တွေ ပိုကြိုက်ပြီး အရည်အသွေးလည်းပိုကောင်းတာက ဟုမ္မလင်း၊ ခန္တီးဘက်က ဝါးပေါ့။ အဲ့ဒီမှာလည်း ကုန်တွေက ပုံနေပြီ။ ဒီဘက်ကို သစ်ဖောင်၊ ဝါးဖောင်က စုန်လို့မရနဲ့ဖြစ်နေတာ။ ရပြန်တော့လည်း စျေးကကြီး၊ ပစ္စည်းက ခုတ်ထားတာကြာတဲ့ သက်တမ်းရင့်နေဖြစ်နေပြီး အရည်အသွေးက စိတ်မချရပြန်တော့ဘူး။ ကျွန်တော်တို့ လက်မှုလုပ်ငန်းတွေမှာ MAX Product အနေနဲ့ ထုတ်ကုန်ကို မထုတ်နိုင်ဘူး။ တစ်ပိုင်တစ်နိုင်ကနေ ထိုးဖောက်နေရလို့ အိမ်နီးချင်းနိုင်ငံတွေထက်နောက်ကျနေတာကိုမှ ကျွန်တော်တို့က သာလွန်တဲ့ လက်မှုအရည်အသွေးနဲ့ ချဥ်းကပ်ရတာ။ ဒါကို အခုအခြေအနေက ရှေ့က ပြောခဲ့သလိုတွေ အခြေအနေဖြစ်နေတော့ ခက်ပါတယ်”လို့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပြောပါတယ်။

အစစအရာရာ ရှားပါးစျေးကြီး ဖြစ်နေတဲ့ အခြေအနေမှာ လက်မှုလုပ်ငန်းရှင် အတော်များများလည်း လုပ်ငန်းရပ်ဆိုင်းကြသလို တချို့လုပ်ငန်းရှင်တွေကလည်း ဝန်ထမ်းတွေရဲ့စားဝတ်နေရေးအခြေအနေကို ငဲ့ကွက်ပြီး အလုပ်ဖြစ်ယုံ ဟန်မပျက်တောင့်ခံရှေ့ဆက်နေကြတာလည်း တွေ့ရပါတယ်။

“ပစ္စည်းကောင်းတယ်။ စျေးလည်းကောင်းတယ်။ လုပ်ငန်းငယ်လေးတွေ စုပြီး ပြည်ပပို့တာလည်းရှိတယ်။ စင်ကာပူကို ပို့တာမှာ ဟိုဘက်က ဝယ်လက်က ဘာပြောလဲဆိုတော့ ထိုင်းက ပစ္စည်းလောက် အဆင်မပြေဘူးပေါ့။ ဘာအဆင်မပြေတာလည်း အရည်အသွေးလားဆိုတော့ မဟုတ်ဘူး။ စျေးများတာနဲ့ များများမရနိုင်တာကြောင့် ကျွန်တော်တို့ ပစ္စည်းတွေ စျေးကွက်ဝင်ဖို့ ခက်နေတယ်လို့ပဲ ယူဆပါတယ်။ ပစ္စည်းထုတ်ပြီး ငွေပြန်ရဖို့ခက်နေတာပေါ့”လို့ ထွဏ်း ဝါးလက်မှုအနုပညာသင်တန်းကျောင်းဖွင့်လှစ်ထားသူ ဦးထွန်းလွင်က MT Newsကို ပြောပါတယ်။

ဓာတ်ပုံ – ထွဏ်း ဝါးလက်မှုအနုပညာသင်တန်းကျောင်း

Leave a Reply

Your email address will not be published. Required fields are marked *