October 19, 2024

၁၈. ၁၀. ၂၀၂၃

Written by Min Mahar

လက်ဖက်ရည်ဆိုင်အတွင်းရှိ အိပ်ခန်းထဲ၌အိပ်နေသည့် ရာအိမ်မှူးအား အမည်မသိလူငယ် ၂ ဦးမှ သေနတ်ဖြင့်ဝင်ရောက်သတ်ဖြတ်မှု မန္တလေးတွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၁၈ ရက်)မွန်းလွဲ ၁၂ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အကွက်(၄၀၂)၊ စံပြရပ်တွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ် ရာအိမ်မှူးသည် ယင်းရပ်ကွက်ရှိ “ရွှေကောင်းမြတ်” လက်ဖက်ရည်ဆိုင်အတွင်းရှိ အိပ်ခန်းထဲ၌အိပ်နေစဉ် အမည်မသိလူငယ် ၂ ဦးသည် ကမ်းနားလမ်းအတိုင်း CZI အနက်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်ဖတ်ရည်ဆိုင်အတွင်းအိပ်ပျော်နေသည့် ရာအိမ်မှူးအား ၎င်းတို့ထဲမှတစ်ဦးက ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်၍ ကမ်းနားလမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ လူငယ် ၂ ယောက် ရောက်လာပြီး အနောက်က ထိုင်လိုက်လာသူက လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ဆိုင်ထဲမှာအိပ်နေတဲ့ ရာအိမ်မှူးကို သေနတ်နဲ့ ၂ ချက် ဝင်ပစ်သွားတာ။ ပစ်သွားတဲ့သူက အရပ်ရှည်ပြီး အသားဖြူတယ်။ အသက်က ၂၀ လောက်ရှိမယ်။ မျက်နှာသွယ်ပြီး ဦးထုပ်အမဲရောင်ဆောင်းတယ်။ အင်္ကျီလက်ရှည်အသားရောင်ဝတ်ထားပြီး ဘောင်းဘီတိုနဲ့ ခြေသလုံးမှာ တက်တူးထိုးထားတာတွေ့တယ်”ဟု အသတ်ခံရသည့် ရာအိမ်မှူးနှင့် အမျိုးတော်စပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရာအိမ်မှူးတွင် ဝဲမျက်လုံးထောင့်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဝဲပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်စသည့် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်ရာတွင်သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်းဖြစ်ရာအနီးတွင် LUGER ကျည်ခွံတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *