October 19, 2024

၁၈. ၁၀. ၂၀၂၃

Written by Min Mahar

ယာခင်းသို့ မြေပဲစိုက်ပျိုးရန် နွားလှည်းဖြင့် တစ်ဦးတည်းသွားသော အမျိုးသားတစ်ဦးကို PDF သုံးဦးက “ဒလန်”ဟုစွပ်စွဲကာ သေနတ်ဖြင့် ၆ ချက်ပစ်သတ်မှု မြင်းခြံ မြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ​ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်(ယနေ့)မနက် ၆ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သိမ်ရွာကျေးရွာတွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် ယာခင်းသို့ မြေပဲစိုက်ပျိုးရန် နွားလှည်းဖြင့် တစ်ဦးတည်းသွားရောက်ခဲ့ရာ ယာခင်းအနီး( ၎င်းကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ)အရောက်တွင် PDF အဖွဲ့မှ လူငယ် ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး ၎င်းအမျိုးသားအား “ဒလန်”ဟုပြောကာ သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ကာ အရှေ့ဘက်သို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းအမျိုးသားတွင် ဦးခေါင်း၊ ဝဲဘက်နှာခေါင်း၊ ဝဲဘက်ခါး၊ ယာဘက်ကျောများသို့ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်စီနှင့် ယာဘက်လက်ဖျံဖောက်ဝင်ဒဏ်ရာ ၂ ချက်တို့ဖြင့် သေဆုံးနေသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် သေဆုံးသူ၏ အလောင်းအား မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သေဆုံးသူ၏အနီးမှ အမ်-၂၂ ကျည်ခွံ ၄ ခု သိမ်းဆည်း ရရှိခဲ့ကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *