October 19, 2024

၁၈. ၁၀. ၂၀၂၃
Written by Nyein Kyaw

မြေနေရာမျာရယူထားပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရသဖြင့် နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မည့်အဖွဲ့အစည်းက လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်( ၈/၂၀၂၃)တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာနများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာ၌ ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့လုပ်ငန်းများ ဖျက်သိမ်းခြင်းများ ရှိသကဲ့သို့ အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်များ ပေးခြင်းနှင့် ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းအချို့ ရပ်တန့်ခဲ့သဖြင့် နိုင်ငံ့အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့်စက်ရုံများနှင့် လုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင် SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အလားတူဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထားပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်မည့် ကုန်ထုတ်လုပ်မှု ဆောင် ရွက်နိုင်မည့်အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများ စသည်ဖြင့် အပိုင်းလိုက် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ စည်မျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *