October 19, 2024

၁၈.၁၀. ၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခရေပင်လမ်းတွင် ယနေ့အောက်တိုဘာ ၁၈ ရက် ည ၇ နာရီ၂၀ ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသော အမျိုးသမီးကို ခက်ခဲစွာ ကယ်ထုတ်ခဲ့ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ မင်္ဂလာဒုံဘက်မှ တညင်းကုန်းဘက်သို့ မောင်းနှင်လာသော TOWNACE အမျိုးအစား အဖြူရောင်ယာဥ်မှာ တစ်ဖက်ယာဥ်ကြောရှိ TOYOTA HIACE ခဲရောင်ယာဥ်၏ ခေါင်းခန်းကို တိုက်မိခဲ့ခြင်း ဖြစ်သည်။ ယာဥ်တိုက်မှုကြောင့် TOWNACE အမျိုးအစား အဖြူရောင်ယာဥ်ပေါ်မှ ယာဥ်မောင်း အမျိုးသားမှာ ပွန်းပဲ့ဒဏ်ရာနှင့် အမျိုးသမီးမှာ ဘယ်​ဘက် ပေါင်ရိုးကျိုး​​၊ ဘယ်​​ဘက်​ခြေသလုံးရိုးကျိုး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒဏ်ရာရတဲ့ အမျိုးသမီးက ကားခေါင်းခန်းမှာ ညပ်နေလို့ နာရီဝက်နီးပါး ကယ်ထုတ်ခဲ့ရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူ တစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူ ၂ ဦးကို သွေးဒါနမျိုးဆက်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့​ပြီး ၎င်းတို့ ၂ ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကို မီးသတ်တပ်ဖွဲ့ဝင် ၁၅ဦးခန့်က သွားရောက်ကာ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ကြောင်း ​ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *