October 19, 2024

၁၉. ၁၀. ၂၀၂၃
Written by Peya

သုံးနှစ်ကြာ မကျင်းပဖြစ်ခဲ့သည့် ဧရာတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၊ တာဝတိံသာမြတ်စွာဘုရားကြီး၏ ၉၁ ကြိမ်မြောက်ဝါကျွတ်ပွဲတော်ကြီးကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ဒေသခံများထံ MT News သတင်းဌာနက မေးမြန်းထားချက်အရ သိရသည်။

မော်လမြိုင်ကျွန်းမြို့၊ တာဝတိံသာမြတ်စွာဘုရားကြီး၏ ၉၁ ကြိမ်မြောက်ဝါကျွတ်ပွဲတော်ကြီးကို ၁၃၈၅ သီတင်းကျွတ်လဆန်း ၁၀ ရက်၊ အောက်တိုဘာ ၂၄ ရက်က စတင်ကာ ဈေးရောင်းပွဲတော် ပျော်ပွဲရွှင်ပွဲများဖြင့် ၈ ရက်တိုင်ကျင်းပဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“၈၈ ကြိမ်မြောက်၊ ၈၉ ကြိမ်မြောက်၊ အကြိမ် ၉၀ တွေမှာတော့ မကျင်းပနိုင်ခဲ့ဘူး။ အခု ၉၁ ကြိမ်မြောက် တာဝတိံသာမြတ်စွာဘုရားကြီးရဲ့ ဝါကျွတ်ပွဲတော်ကြီးကို ကျင်းပပြုလုပ်နိုင်ဖို့အတွက် လူငယ်မောင်မယ်တွေက အောက်တိုဘာ ၂၀ ရက်က စပြီး ကြိုတင်ပြင်ဆင်နေကြပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-10-19_11-40-48-1024x534.jpg

အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီအချိန်တွင် ၉၁ ကြိမ်မြောက်ဝါကျွတ်ပွဲတော်ကြီး အခမ်းအနားအား ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီး သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့်သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)များတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရွှေသင်္ကန်းများ၊ သစ်သီးဆွမ်းများ၊ ပန်းနံ့သာများ၊ ဆိီမီးများနှင့်လျှပ်စစ်မီးရောင်စုံတို့ဖြင့် လှူဒါန်းပူဇော်မည် ဖြစ်သည်။

ထို့နောက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ညပိုင်းအချိန်တွင် တာဝတိံသာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး တာဝတိံနတ်ပြည်မှ သင်္ကဿနဂိုရ်လူ့ပြည်သို့ သိကြား၊ နတ်၊ ဗြဟ္မာတို့ဖြင့် ကြွမြန်းဆင်းသက်တော်မူသည့်အခမ်းအနားအား ဆင်ယင်ကျင်းပပူဇော်မည် ဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ နေ့လည် ၁၂ နာရီအချိန်တွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ကျောင်းပေါင်း ၄၇ ကျောင်းမှ သံဃာတော်အရှင်မြတ်များနှင့်အတူ သိကြား၊ နတ်၊ ဗြဟ္မာများခြံရံပြီး မြို့တွင်းသို့ ဒေသစာရီကြွမြန်းအပူဇော်ခံမည်ဖြစ်ကာ ထိုသို့ဒေသစာရီကြွမြန်းလာစဥ် အလှူရှင်များလှူဒါန်းထားသော ဆွမ်းဆန်စိမ်းများ၊ ငွေပဒေသာပင်များ၊ ပစ္စည်းပဒေသာပင်များနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား အလှူခံယူတော်မူမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *