October 19, 2024

၁၉. ၁၀. ၂၀၂၃
Written by Nay Moe

တစ်ချိန်က နာမည်ဆိုးဖြင့် မြန်မာနိုင်ငံတစ်ဝန်း ကျော်ကြားခဲ့သည့် စကော်ပီယံလူမိုက်ဂိုဏ်းခေါင်းဆောင် ကိုရန်နိုင်အောင်မှာ အသက် ၅၂ နှစ် အရွယ်တွင် သိက္ခာတော်ရဆရာတော်ဘဝဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သိက္ခာတော်ရဆရာတော်ကိုရန်နိုင်အောင်မှာ ကားမှောက်ရာမှ လည်ပင်းအဆစ်နှစ်ခုကျိုး၍ ခွဲစိတ်ကုသချိန်တွင် ကွယ်လွန်ခဲ့ရသည်ဟု မိတ်ဆွေတချို့၏ ပြောကြားမှုအရကနဦးသိရပြီး ကြွင်းရစ်သော ရုပ်အလောင်းကို အောက်တိုဘာ ၂၀ နံနက် ၁၁ နာရီတွင် ရေဝေးသုသာန်ရှိ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံသုသာန်တွင် သင်္ဂြိုလ်မည်ဖြစ်သည်။

“လူဆိုးတစ်ယောက်ကိုကယ်တင်ပြီး အမြင်မှန်ရအောင်လုပ်ပေးတာဟာ လူကောင်းတွေအများကြီးကို ကယ်တင်ရာရောက်တယ်။ အဲဒါကြောင့်ဘုရားက လူဆိုးတွေကိုဦးစားပေးပြီးကယ်တင်လေ့ရှိတယ် တဲ့။ ကျွန်တော်ဘယ်တော့မှ မမေ့တော့မယ့်စကားတစ်ခုကို ပြောသွားခဲ့ဖူးတဲ့အစ်ကိုကြီးကိုရန်နိုင်ရေ ခရစ်တော်မှာ ငြိမ်းချမ်းစွာအိပ်ပျော်နိုင်ပါစေဗျာ” ဟု သရုပ်ဆောင်ဒါရိုက်တာ ညိုမင်းလွင်က ကိုရန်နိုင်အောင်ကွယ်လွန်မှုအပေါ် မှတ်ချက်ပြုထားသည်။

This image has an empty alt attribute; its file name is photo_2023-10-19_10-03-25-719x1024.jpg

ကိုရန်နိုင်အောင်ကို ဂျပန်နိုင်ငံရောက် အဝေးရောက် NLD ပါတီဒုဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူဖခင်နှင့် ရန်ကုန်တက္ကသိုလ်မှကထိကမိခင်တို့က ၁၉၇၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီးဖခင်ဖြစ်သူသည့် ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတော်၏ စီးပွားရေးအကြံပေးဖြစ်လာခဲ့သည်။ ကိုရန်နိုင်အောင်သည် ၁၉၉၆ ခုနှစ်တွင် White Scorpion အမည်ရှိ ခရီးသွားကုမ္ပဏီထူထောင်ရာက အစိုးရအဖွဲ့ဝန်ကြီးများ၏ သားသမီးများနှင့် လုပ်ငန်းရှင်များ၏သားသမီးများပူးပေါင်းလာရာမှ အင်အားတောင့်တင်းလာကာ စကော်ပီယံလူမိုက်ဂိုဏ်းအဖြစ် နာမည်ကျော်လာခဲ့ပြီးနောက် အဖွဲ့ဝင် ၄၀ ကျော်နှင့်တကွ ဖမ်းဆီးခံရကာ ကိုရန်နိုင်အောင်မှာ အသင်းအဖွဲ့ ဥပဒေ ၅(ဃ) ၆ ဖြင့် ထောင် ၁၂ နှစ် ချမှတ်ခံခဲ့ရသည်။ ထောင်မှလွတ်ချိန်တွင် ခရစ်ယာန်ဘာသာပြောင်းလဲကာ ပရဟိတနှင့် ဘာသာရေးကိုလုပ်ကိုင်သူအဖြစ် ပြောင်းလဲရှင်သန်နေချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“အဘဘုရားရဲ့အိမ်တော်မှာ ငြိမ်းချမ်းစွာနဲ့ အနားယူပါတော့ဆရာ။ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ တစ်ချိန်က စကော်ပီယံတို့ရဲ့ ခေါင်းကိုင်ဖခင်။ နောက်တော့ သမ္မာကျမ်းစာကိုင်ကာ မူးယစ်ဆေးစွဲလူငယ်များစွာကို မေတ္တာကရုဏာကြီးစွာဖြင့် ပြုပြင်တည့်မတ်ပေးနေခဲ့တဲ့ JC Myanmar ရဲ့ဦးဆောင်ပဲ့ကိုင်ရှင် သိက္ခာတော်ရဆရာ။ တစ်ချိန်က စကော်ပီယံဂိုဏ်းချုပ်အဖြစ်သော်လည်းကောင်း၊ နောက်တော့ မူးယစ်ဆေးစွဲလူငယ်များကို ပြုပြင်ပျိုးထောင်ကာ ဘဝလမ်းမှန်ကိုပြသပေးသူ အဘဘုရားရဲ့အမှုတော်မြတ်ထမ်းသိက္ခာတော်ရဆရာတစ်ပါးအနေဖြင့်သော်လည်းကောင်းလေးစားအားကျစွာဖြင့် အမြဲအမှတ်ရနေမှာပါ။ ဆရာ့ရဲ့ အဖအိမ်တော်အပြန်ခရီးကို ကိုယ်တိုင်လိုက်ပါမပို့ဆောင်နိုင်တဲ့အတွက် ဒီနေရာကနေပဲ ဦးညွှတ်နှုတ်ဆက်လိုက်ပါတယ်” ဟု မိတ်ဆွေတစ်ဦးက ရေးသားထားသည်ကိုလည်း တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *