October 19, 2024

၁၈. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အာဆီယံဒေသအတွင်းရှိနိုင်ငံများအနက် ရင်းနှီးမြှုပ်နှံမှုအန္တရာယ်ရှိမှုရာခိုင်နှုန်းအများဆုံး (Investment Risk) နိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ပူးတွဲရပ်တည်လျက်ရှိနေသည်ဟု အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်မှ ပရော်ဖက်ဆာ Aswath Damodaran က ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို လေ့လာကာ ရင်းနှီးမြှုပ်နှံမှုအန္တရာယ်ရှိမှု ရာခိုင်နှုန်းအများဆုံး စာရင်းအဆင့်သတ်မှတ်ဖော်ပြခြင်းကို Visualcapitalist က ပြန်လည်ဖော်ပြထားမှုအရ သိရသည်။

ကမ္ဘာတဝှမ်းရှိနိုင်ငံများကို ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး အန္တရာယ်ရှိမှုရာခိုင်နှုန်းအနည်း၊ အများတွက်ချက်ရာတွင် နိုင်ငံရေး အန္တရာယ်၊ ဥပဒေပိုင်းဆိုင်ရာ အန္တရာယ်၊ စီးပွားရေးပိုင်ဆိုင်ရာ အန္တရာယ်စသည့်အချက်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး အန္တရာယ်ရှိမှု အနည်း၊ အများ ရာခိုင်နှုန်းကိုတွက်ချက်ကာ ကမ္ဘာ့အဆင့်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Visualcapitalist အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု အန္တရာယ်ရှိမှုအများဆုံး ကမ္ဘာထိပ်ဆုံးနိုင်ငံများစာရင်းတွင် ထိပ်ဆုံးနိုင်ငံ ၂၅ နိုင်ငံအတွင်း ရှိနေကြောင်းသိရပြီး လာအိုနှင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံ့မှု အန္တရာယ်ရှိမှုရာခိုင်နှုန်း ၁၅ ဒသမ ၂ရာခိုင်နှုန်းစီဖြင့် ထိပ်ဆုံးနိုင်ငံများတွင် ပူးတွဲရပ်တည်နေကြောင်း သိရသည်။

အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုအန္တရာယ်ရှိမှု ရာခိုင်နှုန်းအများဆုံး နိုင်ငံများထဲတွင်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီ ယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က အစဉ်လိုက်ရှိနေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု အန္တရာယ်ရှိသည့် ရာခိုင်နှုန်းများတွင် မြန်မာနှင့်လာအိုတို့က ၁၅ ဒသမ ၂ရာခိုင်နှုန်းစီ၊ ကမ္ဘောဒီးယားနိုင်ငံက ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်က ၂ ဒသမ ၉ ရာခိုင်နှုန်းစီရှိနေကြောင်း သိရသည်။ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့က အာဆီယံဒေသအတွင်း နိုင်ငံများအနက် ရင်းနှီးမြှုပ်နှံမှု ပိုင်းဆိုင်ရာအန္တရာယ်ရှိမှု ရာခိုင်နှုန်းအနည်းဆုံးနိုင်ငံများအဖြစ်ရှိနေကာ စင်ကာပူနိုင်ငံက ၀ ဒသမ ၀ ရာခိုင်နှုန်း၊ မလေးရှားက ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၂ ဒသမ ၄ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

Ref; visualcapitalist

Leave a Reply

Your email address will not be published. Required fields are marked *