October 19, 2024

၁၈.၁၀.၂၀၂၃
Written by Peya

တရုတ်က ဖမ်းဝရမ်းထုတ်လို့ UWSA ကနေ ဖယ်ရှားထားတဲ့ ထိပ်တန်းအရာရှိ ၂ ယောက်ကို မြန်မာအစိုးရကလည်း ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သိရှိသူ သတင်းရင်းမြစ်တစ်ယောက်က MT News သတင်းဌာနကို ပြောပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနက အရင် ၄၆၈ တပ်မဟာမှူး၊ ဝခေါင်းဆောင် ပေါက်ယူချန်းရဲ့တူလို့ ဆိုကြတဲ့ ဝပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း ခေါ် ပေါက်ယန်ပန် ခေါ် ချန်ယန်ပန် နဲ့ ဝခေါင်းဆောင်ပေါက်ယူချန်း သမက်ဟောင်းလို့ ဆိုတဲ့ UWSA ဝနယ်၊ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် ခေါ် အိုက်ဟော် ခေါ် ဟော်ချွင်ထင်တို့ကို ဖမ်းမိအောင် သတင်းပေးသူကို တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနကတစ်ဆင့် ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

လက်ရှိမှာတော့ အဲဒီထိပ်တန်းအရာရှိနှစ်ဦးကိုအောက်တိုဘာ ၁၆ ရက် ရက်စွဲနဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီနဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ကနေ ထုတ်ပယ်လိုက်တယ်လို့ ကြေညာချက်ထုတ်ခဲ့တာပါ။

“သူတို့နှစ်ယောက်ကို မနေ့က ဟိုပန်ခရိုင်တရားရုံးကနေ ဖမ်းဝရမ်းထုတ်လိုက်တာပါ။ သိရသလောက်က အွန်လိုင်းလိမ် လည်တာ၊ သွေးဆောင်တာ၊ ပြန်ပေးဆွဲ၊ ခြောက်လှန်တောင်းယူတာတို့ကို အားထုတ်တာ၊ အားပေးကူညီတာအတွက်လို့ သိရပါတယ်။ သူတို့ကို ဝ အဖွဲ့ကနေလည်း ထုတ်ထားတယ်။ အခုက ကျားဖျန်တွေကို ရှင်းလင်းနေတဲ့ကာလမှာ ဒါက အကောင်အကြီးကြီးတွေကို ကိုင်လာတဲ့သဘော ဖြစ်ပါတယ်။ လက်ရှိ သူတို့ဘယ်ရောက်နေသလဲ ဆိုတာတော့ လက်လှမ်းမမီလို့ မသိပါဘူး” လို့ သူက ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တာကြောင့် “ဝ”အစိုးရအဖွဲ့ရဲ့ပုံရိပ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သလို “ဝ” အစိုးရအဖွဲ့နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကိုပါ ထိခိုက်စေတာကြောင့် ချန်ယန်ပန်နဲ့ အိုက်ဟော်တို့နှစ်ဦးကို ပါတီကနေသာမက စစ်ဘက်ဆိုင်ရာ တာဝန်ပိုင်းကနေပါ ထုတ်ပယ်လိုက်တာဖြစ် ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *