October 19, 2024

၁၈. ၁၀. ၂၀၂၃
Written by Nyein Kyaw

အောက်တိုဘာ ၂၀ ရက်မှစတင်၍ တညင်းကုန်းလက်ကားဈေးအတွင်းရှိ ဈေးသူဈေးသားများ စီးပွားရေးလုပ်ငန်းတိုးချဲ့နိုင်စေရန် AYA Bank နှင့် UAB ဘဏ်တို့နှင့် ချိတ်ဆက်ပြီး MSME ချေးငွေများ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် တညင်းကုန်းဈေးအတွင်းရှိ ဈေးရောင်းချနေသော ဈေးသည်များအား MSME (Loan) ချေးငွေထုတ်ပေးနိုင်ရေး နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားမှ သိရသည်။

“ချေးငွေကတော့ အခုနှစ်ဦးနှစ်ဖက်ကလည်း ညှိနှိုင်းပြီးပြီဖြစ်ပါတယ်။ ဈေးသူဈေးသားတွေ ပထမဦးဆုံး ပမာဏအနေနဲ့ ဈေးသည် ၆၀ လောက်ကို အရင်ရွေးထုတ်ပြီးတော့ သူတို့ချေးနိုင်တဲ့၊ လုပ်ငန်းတိုးချဲ့နိုင်မယ့်ပမာဏကို တွက်ချက်ပါတယ်။ တွက်ချက်ပြီးတော့မှ ဈေးသည်တစ်ဦးကို သိန်း ၅၀၊ သိန်း ၁၀၀ အထိပေါ့နော်။ ထုတ်ချေးဖို့အတွက် ဒါကိုလျာထားပြီးတော့ စာရင်းဇယားတွေ ပြုစုခဲ့ပြီးပြီ။ ဈေးသည်တွေကိုလည်း ဘဏ်က လိုအပ်တဲ့အချက်အလက်တွေ စိစစ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ချေးငွေထုတ်ချေးဖို့ကိုတော့ လာမယ့် သောကြာနေ့မှာ အားလုံး ဈေးသည် ၆၀ ကျော်ကိုပေါ့နော်။ ကျပ်သိန်းပေါင်း ၁၂,၀၀၀ အထိ စတင်ထုတ်ပေးပြီးတော့ ပထမအကြိမ် စတင်ထုတ်ချေးဖို့ စီစဉ်ထားပါတယ်” ဟု တညင်းကုန်ဈေးအား လုပ်ကိုင်ရရှိထားသည့် Myanmar Agro Exchange Public. Ltd (MAEX) ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ကြီးက ပြောသည်။

ဈေးသည်များအား ထုတ်ချေးပေးသည့် ချေးငွေအမျိုးအစားမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း (MSME) ချေးငွေအမျိုးအစားဖြစ်၍ အခြားသော ချေးငွေလျှောက်ထားမှုထက် ပို၍လွယ်ကူစေမည်ဖြစ်သည်။ လက်ရှိတွင် ဆိုင်ခန်းအနည်းဆုံး သုံးခန်းတွဲရှိသူ၊ ဆိုင်ခန်းအခွန်ဆောင်ထားရှိမှု၊ လုပ်ငန်းနှင့်ပတ်သက်သည့် ကုန်ရောင်းကုန်ဝယ်ပြေစာ၊ လျှောက် ထားသူ မှတ်ပုံတင်၊ လုပ်ငန်းနှင့်ပတ်သက်သည့် ထောက်ခံစာ စသည့်အချက်များသာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်း သုံးခန်းဆက်၊ လေးခန်းဆက် ရှိတဲ့သူတွေ ဦးစားပေးမယ်။ ဆိုင်ခန်းခပုံမှန်ပေးတဲ့သူတွေကို ဦးစားပေးမယ်။ နောက်ထပ် ဘယ်လိုရွေးထုတ်မယ်ဆိုတာ ဆက်လက်စီစဉ်လျက်ရှိတယ်” ဟု AYA Bank၊ MSME ချေးငွေဌာန၏ ဒါရိုက်တာဦးတိုးလင်းညွှန့်က ပြောသည်။

MSME ချေးငွေဖြစ်သောကြောင့် အများဆုံး ကျပ်သိန်း ၃၀၀ အထိထုတ်ချေးပေးနိုင်ပြီး ယင်းကဲ့သို့ ထုတ်ချေးပေးနိုင်ရန် ဘဏ်များနှင့် တညင်းကုန်းလက်ကားဈေးမှ တာဝန်ရှိသူများက မည်ကဲ့သို့ရွေးချယ်မည်ကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ချေးငွေသက်တမ်းကာလ တစ်နှစ်မှနှစ်နှစ်အထိဖြစ်ပြီး အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း AYA Bank မှ သိရသည်။

တညင်းကုန်းလက်ကားဈေးကြီးအတွင်း သစ်သီးဝလံလက်ကားရောင်းချသည့် ဈေးရုံ (၁)တွင် ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်၊ တောင်သူများ ကုန်ဈေးလက်လီရောင်းသည့် ဈေးရုံအမှတ် (၂)တွင် ဆိုင်ခန်းပေါင်း ၃,၃၆၀ ခန်း၊ ကုန်မျိုးစုံနှင့်ကုန်ခြောက်များ ရောင်းချသည့် ဈေးရုံ (၃) တွင် ဆိုင်ခန်းပေါင်း ၁,၁၂၀၊ ရာသီပေါ်သီးနှံနှင့် သားငါးပစ္စည်းများ ရောင်းချသည့် ဈေးရုံ (၄)တွင် ဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော်ဖွင့်လှစ်ပြီးဖြစ်သည်။ ယင်းအနက် ဆိုင်ခန်းပေါင်း ၆,၀၀၀ ခန့် ငှားရမ်းထားပြီးဖြစ်၍ စုစုပေါင်းဖွင့်လှစ်ထားသည့် ဆိုင်ခန်းပေါင်း၏ ရာခိုင်နှုန်း ၈၀ ခန့် ငှားရမ်းထားပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *