October 19, 2024

၁၈.၁၀.၂၀၂၃
Written By Thandar

အနုပညာလောကမှာ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့တဲ့ အကယ်ဒမီဇော်ဦးကတော့ အနုပညာနဲ့ပတ်သက်ပြီး အောင်မြင်မှုရနေချိန်မှာ ကိုယ့်ဘဝမြင့်သွားချိန်မှာလည်း ဘဝင်မမြင့်ဖို့နဲ့ ပြန်နိမ့်သွားရင်လည်း စိတ်ဓာတ်မကျဖို့လိုတယ်လို့ ဆိုပါတယ်။

“အနုပညာသမားတွေက တောင်တန်းတွေလိုပါပဲ။ ဘဝအနိမ့်အမြင့်တွေဆိုတာရှိတယ်။ အနုပညာနဲ့ပတ်သက်ရင်တော့ ကိုယ့်ဘဝမြင့်သွားချိန်မှာလည်း ဘဝင်မမြင့်နဲ့။ ပြန်နိမ့်သွားရင်လည်း စိတ်ဓာတ်မကျဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အလုပ်ကိုပဲ ကြိုးစားလုပ်နေရမှာပါ။ သူများက ပြောတာဆိုတာ နှိမ့်ချတာတွေ ကိုယ်ကလက်ခံမှ ပူလောင်တာလေ။ ကိုယ်က လက်မခံရင် အပူလွတ်တဲ့သူဆီပဲ ပြန်သွားမှာလေ။ ဒီဟာနဲ့ပတ်သက်ပြီး စိတ်ထဲမှာ အရမ်းခံစားမနေတော့ဘူး။ မေ့ပစ် လိုက်တယ်။ အဓိက ကိုယ်လက်မခံဖို့ပဲ လိုပါတယ်။ ကိုယ်ခံစားခဲ့ရတာတွေကို မေ့ထားလိုက်ပါတယ်” လို့ အကယ်ဒမီဇော်ဦးက ပြောပါတယ်။

သူဟာ လက်ရှိ မဟာရုပ်သံလိုင်းက ထုတ်လွှင့်သွားတဲ့ အိမ်ထောင်၊ လောင် ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံး ပါဝင်သရုပ် ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ အကယ်ဒမီဇော်ဦးက လက်ရှိ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့အတွက် ထိုင်ရထရတာခက်ခဲမှုလေးတွေ ရှိလာတယ်လို့ ဆိုပါတယ်။

“ဇာတ်လမ်းတွဲတွေကလည်း အောင်မြင်မှုရှိမှ Producer ကလည်း ဆက်ထုတ်နိုင်တာလေ။ အရင်ကတော့ ဇာတ်ကားပြသာပြလိုက်တယ် လူမသိလိုက်ဘူး။ ဒါကြောင့် ထပ်ထုတ်မရိုက်ကြတာတွေလည်း ရှိတယ်။ ခုနောက်ပိုင်း မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေ အားပေးလာလို့လည်း ပီတိဖြစ်ရတယ်။ ချောရတနာလည်း သူ့ အိုက်တင်ပိုင်းတွေ တော်တော်လေးကို တိုးတက်လာတယ်လို့ မြင်ပါတယ်။ ခုနောက်ပိုင်း သူ့ရဲ့ ကံနဲ့စန်းကလည်း တက်လာသလို အနုပညာအရည်အချင်းလည်း ပြည့်ဝလာပြီလို့ ပြောလို့ရတယ်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *