October 18, 2024

မြန်မာနိုင်ငံသားများဘဏ်၏ ဝန်ဆောင်မှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (Photo-MCB)

၁၂.၁၀.၂၀၂၂

Written By Thettant

မြန်မာနိုင်ငံသားများဘဏ်(MCB ဘဏ်)၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အခွန်ဆောင်ပြီးအမြတ်ငွေမှာ ကျပ် ၅ ဘီလျံကျော်အထိ ရရှိခဲ့သော်လည်း NPL (Non-Performing Loan) မှာ ၅ ရာခိုင်နှုန်းအထက် ကျော်လွန်နေသဖြင့် အမြတ်ဝေစုခွဲပေးနိုင်မှုမရှိကြောင်း MCB ဘဏ် ဥက္ကဌ ဦးတိုးအောင်မြင့်က ပြောကြားသည်။

“၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ဘဏ်အနေနဲ့ အခွန်ဆောင်ပြီး အသားတင်အမြတ် မြန်မာကျပ်ငွေ ကျပ် ၅ ဒသမ ၀၆ ဘီလျံ ရရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ဘဏ်များ လိုက်နာရမဲ့ ညွှန်ကြားချက်မှာ Non-Performing Loan တွေက ငါးရာခိုင်နှုန်းအောက် ရှိမှ အမြတ်ခွဲဝေပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ MCB ဘဏ်ရဲ့ Customers တွေက ကိုဗစ်ကာလနဲ့ အခြားစိန်ခေါ်မှုတွေကြောင့် စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ချေးငွေပြန်လည်ပေးဆပ်နိုင်မှုကျဆင်းလာပါတယ်။ ဒါကြောင့် ချေးငွေပြန်ဆပ်ရမဲ့ Customers တွေက ပျက်ကွက်တာများလာတာကြောင့် NPL မှာ ငါးရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ပါတယ်။ အဲဒါကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေကို ကျွန်တော်တို့ ခွဲဝေပေးနိုင်မှုမရှိလို့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဦးတိုးအောင်မြင့်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် (၃၀) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တင်သွင်းသည့်အစီရင်ခံစာတွင် ထည့်သွင်းပြောကြားသည်။

MCB ဘဏ်အနေဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းအရ စုစုပေါင်းရရန်ပိုင်ခွင့်မှာ ကျပ် ၆၂၅ ဒသမ ၇ ဘီလျံရှိပြီး ပေးရန်တာဝန်မှာ ကျပ် ၅၅၄ ဒသမ ၆ ဘီလျံရှိနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *