October 19, 2024

၁၈. ၁၀. ၂၀၂၃
Writtten by Nay Moe

လင်မယားစုံတွဲ သုံးတွဲသတ်ဖြတ်ခံရမှုအပါအဝင် PDF များက သုံးရက်အတွင်း လူ ၁၁ ဦးကို သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါသတ်ဖြတ်မှုများမှာ အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက် ကုန်းကျေးရွာနေ ဒေါ်လှလှဟန်(၄၈)နှစ်နှင့် တစ်ရွာတည်းနေ ဦးမောင်မောင်မြင့်(၄၀)နှစ်တို့ကို PDF ၆ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး “ဒလန်တွေအရှင်မထားဘူး”ဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊ အောက် တိုဘာ ၁၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် သာစည်မြို့နယ်၊ သန်းတောကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးကျောက်ခဲ(၅၈)နှစ်ကို ၎င်း၏နေအိမ်၌ PDF များက လာရောက်သတ်ဖြတ်မှုနှင့် အောက်တိုဘာ ၁၄ ရက် ည ၆ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာ၊ ရပ်ကွက်(၄)နေ ဦးညွန့်ဆွေ(ခ)ဖက်တီး(၅၄)နှစ်ကို KIA နှင့် PDF ၃ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် လာရောက်ပစ်သတ်မှုတို့ ဖြစ်ပွားခဲ့သည်။

ထို့အတူ အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာ DENKO စက်သုံးဆီအရောင်းဆိုင်အနီး၌ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာနေ ဦးခိုင်မင်းထွန်း(၃၅)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ဝင်းမာ(၃၆)နှစ်တို့အား PDF ၂ ဦးက ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်လုယက်မှု၊ အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာနေ ဦးမိုးကြည်(၄၉)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်နုလှိုင်(၅၃)နှစ်တို့ ၂ ဦး နေအိမ်၌ အိပ်ပျော်နေစဉ် PDF ၈ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုနှင့် အောက်တိုဘာ ၁၅ ရက် ည ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာနေ ဦးကျော်ဆန်းလင်း(၅၀)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေး(၄၇)နှစ်တို့ကို PDF ၂၀ ဦးခန့်က ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်မှုတို့ကြောင့် လင်မယားစုံတွဲသုံးတွဲ သေဆုံးခဲ့ရသည်ဟု သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၌ ဖက္ကလိပ်ကျေးရွာနေ ဦးအောင်မျိုးလွင်(ခ) စောနန်းဦး(၆၂)နှစ်သည် အင်္ဂဘိုကျေးရွာရှိ စိုက်ပျိုးခြံသို့ ၎င်း၏ မိသားစုနှင့်အတူ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နေအိမ်သို့ပြန်ရန် ၎င်းပိုင် YGN 1Q-97– Honda Fit အနက်ရောင်ယာဉ်ပေါ်သို့ တက်နေစဉ် KNU နှင့် PDF ၄ ဦးတို့က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်မျိုးလွင်(ခ)စောနန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *