October 19, 2024

၁၈. ၁၀. ၂၀၂၃
Written by Ye Kyaw

အနည်းဆုံးအခကြေးငွေတစ်ရက် ကျပ် ၄၈၀၀ ကို အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထပ်ဆောင်း၍ တစ်နိုင်ငံလုံးတစ်ပြေးညီ ကျပ် ၅၈၀၀ သတ်မှတ်ထားသော်လည်း အလုပ်သမားများ၏လစာကို မည်ကဲ့သို့ တိုးမြှင့်ထောက်ပံ့ပေးရမည့်ပုံစံကို လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက MT News သို့ ပြောသည်။

အောက်တိုဘာ ၁ ရက်မှစတင်၍ အလုပ်သမား ၁၀ ဦးနှင့်အထက်ရှိသည့် လုပ်ငန်းများအားလုံးအတွက် တစ်ရက်လုပ်ခ ၈ နာရီအတွက် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ အပြင် အပိုထောက်ပံ့ကြေးငွေ ကျပ် ၁၀၀၀ ဖြင့် ကျပ် ၅၈၀၀ သတ်မှတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃)ဖြင့် အောက်တိုဘာလ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အနည်းဆုံးအခကြေးငွေ ဥပဒေအရ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပြီးမှသာ အနည်းဆုံးအခ ကြေးငွေကို သတ်မှတ်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ယင်းကဲ့သို့ မဆောင်ရွက်နိုင်သေးသည့်အတွက် အစိုးရဘက်မှ ထောက်ပံ့ ကြေးငွေအဖြစ်သာ သတ်မှတ်ပြီး ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ကြောင့် ထောက်ပံ့ကြေးကဏ္ဍအောက်တွင် မည်ကဲ့သို့ ဆောင် ရွက်မည်ဆိုသည့် အသေးစိတ်ကိုမူ လက်ရှိအချိန်အထိ မသိရှိ‌ရသေးကြောင်း သိရသည်။

“ဘယ်လိုပုံစံနဲ့ ပေးရမယ်ဆိုတာကို မသိရသေးဘူး။ ဒီအတိုင်းပဲ ပြောထားတဲ့အဆင့်ပဲရှိသေးတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက MT News သို့ ပြောသည်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဃ) နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိင်းဆွေးနွေးပွဲများ ပြုလုပ်၍ဆုံးဖြတ်ခဲ့သည့် “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (‌ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်လုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄,၈၀၀ (လေးထောင့်ရှစ်ရှာကျပ်)” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမား၏ လုပ်ခကို “အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ (ကျပ်တစ်ထောင်တိတိ)ကို ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၅,၈၀၀ (ကျပ်ငါး‌ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြုရန်ဖြစ်ပါသည်” ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာအမှတ် (၇၀/၂၀၂၃) ဖြင့် ထုတ်ပြန်သတ်မှတ်ပြီးဖြစ်သည်။

သို့ဖြစ်ရာ အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ)နှင့်အညီ “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (‌ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်လုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄,၈၀၀ (လေးထောင့်ရှစ်ရာကျပ်)” သတ်မှတ်ခဲ့ခြင်းအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ကျပ် ၅၈၀၀ ဖြစ်ကြောင်း သတ်မှတ်ပေးလိုက်သည်။

ယင်းကဲ့သို့ သတ်မှတ်မှုအရ အလုပ်သမားများ၏ အလုပ်အချိန်ပို (OT) ကြေးများ၊ ခွင့်ရက်/ပျက်ရက်များနှင့် အခြားသော ခံစားခွင့်များကိုမူ မူရင်းအနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ နှင့် ထောက်ပံ့ကြေး ကျပ် ၁၀၀၀ အပိုဆောင်းအပါအဝင် ကျပ် ၅၈၀၀ နှစ်မျိုးအနက် မည်သည့်နှုန်းထားဖြင့် တွက်ချက်ပေးရမည့်ပေါ် သေချာမသိရှိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *