October 19, 2024

၁၈.၁၀.၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒေသအတွင်းရှိ လူထောင်နှင့်ချီ၍ ခိုလှုံနေထိုင်နေကြသော Al-Ahli ဘက်ပ်တစ်ဆေးရုံတွင် အောက်တိုဘာ ၁၇ ရက်က ပြင်းထန်သော ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သလို ဟားမားစ်တို့ကလည်း ထိုပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်အထိသေဆုံးရကြောင်း ပြောခဲ့သည်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကမူ ပေါက်ကွဲမှုတွင် လူ ၂၀၀ မှ ၃၀၀ အထိ သေဆုံးဖွယ်ရှိကြောင်း အစောပိုင်းက ပြောခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အဆိုပါတိုက်ခိုက်မှုမှာ ဂါဇာဒေသအတွင်းရှိ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် သမားတို့၏လက်ချက်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်က ပြစ်တင်ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်တို့ ကလေး သူငယ်တွေကို ဒီလိုရက်ရက်စက်စက်သတ်နေသူဟာာ သူတို့ကလေးတွေကို သတ်ဖြတ်နေတာနဲ့အတူတူပဲ” လို့ပြောကြားခဲ့သည်။

အစ္စရေးစစ်ဖက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒန်နီယယ် ဟာဂါရီကလည်း “ဒါဟာ အစ္စလမ်မစ်ဂျီဟတ် အကြမ်းဖက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်ပါ။ မောင်းသူမဲ့လေယာဉ်က ဗီဒီယိုရိုက်ကူးချက်အရ ဆေးရုံရဲ့ကားရပ်နားရန်နေရာကို ဗုံးကွဲမှုက သက်ရောက်မှုရှိခဲ့တယ်။ ဆေးရုံသပ်သပ်ဖြစ်တာမဟုတ်ဘူး” ဟု ပြော‌ကြားခဲ့သည်။ ဟာဂါရီက အစ္စရေးတပ်ဖွဲ့များဘက်မှ မကြာမီ ဗုံးကွဲမှုဗီဒီယိုရိုက်ကူးချက်နှင့် ဆက်သွယ်မှုကြားဖြတ်ဖမ်းယူချက်များကို ထုတ်လွှင့်မည်ဟုပြောခဲ့သည်။

အစ္စရေးနှင့် ဂါဇာတာဝန်ရှိသူများအနေဖြင့် ဝမ်းနည်းဖွယ်ဆေးရုံပေါက်ကွဲမှုဖြစ်ရပ်အတွက် အပြန်အလှန်ပြစ်တင်ပြောကြားနေကြပြီး အရှေ့အလယ်ပိုင်းဒေသရှိ မြို့ကြီးများတွင် ဆန္ဒပြမှုများဖြစ်ပွားနေရာ ဂျော်ဒန်နိုင်ငံမြို့တော် အမ္မန်မြို့တွင်ဆိုလျှင် ဆန္ဒပြသမားများက အမေရိကန်သံရုံးကို ဝင်ရောက်တိုက်ခိုက်ရန်ကြိုးစားမှုပင် ဖြစ်ပွားခဲ့သည်။

စစ်ပွဲစတင်ဖြစ်ပွားသည်မှစ၍ ဂါဇာဒေသတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃,၀၀၀ ခန့်သေဆုံးခဲ့ပြီး ၎င်းတို့တွင် မိန်းကလေး ၁,၀၃၂ ဦးနှင့် ကလေးငယ် ၉၄၀ ဦးပါဝင်ကာ အနည်းဆုံး ၁၂,၅၀၀ ဦး ဒဏ်ရာရခဲ့ပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ဆယ်ရက်အတွင်း ဂါဇာ၌သေကြေခဲ့မှုက ၂၀၁၄ ခုနှစ် ဟားမားစ်-အစ္စရေးစစ်ပွဲ ၅၁ ရက်ကြာကာလအတွင်း သေကြေမှုစုစုပေါင်းကို ကျော်လွန်သွားပြီဟုလည်း ဆိုသည်။

အစ္စရေးစစ်တပ်က ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုမရှိကြောင်းပြောခဲ့သော်လည်း ကုလသမဂ္ဂနှင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့တို့ကမူ အစ္စရေးတို့၏လေ‌ကြောင်းတိုက်ခိုက်မှုများက ဆေးရုံများနှင့် သူနာတင်ယာဉ်များအပါအဝင် ကျန်း မာရေးအဆောက်အအုံများကိုလည်း တိုက်ခိုက်နေကြောင်းပြောခဲ့ကြသည်။ ထိုအတောအတွင်း ဂါဇာဒေသအတွင်းရှိ ဆေးရုံ ၂၃ ခုအနက် ၂၀ မှာ လောင်စာဆီလုံလောက်မှုမရှိတော့၍ ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အဝမပေးနိုင်တော့ကြောင်း ကုလသမဂ္ဂက ပြောခဲ့သည်။

အနောက်ဘက်ကမ်းဒေသအတွင်းဆိုလျှင်လည်း အစ္စရေးစစ်လေယာဉ်များက ဒုက္ခသည်စခန်းများနှင့် UNRWA၊ ကျောင်း၊အိမ်ရာတို့ကို လေကြောင်းမှ အောက်တိုဘာ ၁၇ ရက်တွင် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၁၈ ဦး သေဆုံးခဲ့ရကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ သည်။

အစ္စရေး-ဟားမားစ် စစ်ပွဲစတင်ဖြစ်ပွားသည်မှစ၍ ဂါဇာဒေသသို့ လူသားချင်းစာနာမှု အထောက်အပံ့များကို အစ္စရေးဘက်ကပိတ်ဆို့မှုပြုထားခဲ့ရာ အီဂျစ်ဘက်မှ စင်္ကြန်လမ်းကြောင်းတစ်ခုဖွင့်ပေးရန် သံတမန်အားထုတ်မှုများရှိသော်လည်း အထောက်အပံ့ပစ္စည်းများမှာ ဂါဇာဒေသ၏နယ်စပ်တစ်လျှောက် စုပြုံနေဆဲဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂနှင့် အခြားတာဝန်ရှိသူများက ၎င်းတို့အနေနှင့် မည်သည့်အထောက်အပံ့ယာဉ်လိုင်းကိုမဆို လုံခြုံမှုအာမခံပေးနိုင်ရန် လိုအပ်ကြောင်းပြောခဲ့သည်။

အကျပ်အတည်းအခြေအနေကိုဖြေရှင်းရန် နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးပွားလာနေစဉ်မှာပင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးသို့ အောက်တိုဘာ ၁၈ ရက်တွင်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *