October 19, 2024

၁၈.၁၀.၂၀၂၃
Written by Peya

မင်းတုန်းမင်းကြီး နတ်ပြည်စံသက် ၁၄၅ နှစ်မြောက်အဖြစ် မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ပထမဆုံးအကြိမ် ဓမ္မသဘင် ကျင်းပမည်ဖြစ်ပြီး လူပရိတ်သတ်များစွာမပါဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်းဘောင်ဆက်မောင်နှမများမှ အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ်တင်အောင်က MT News သတင်းဌာနသို့ ပြောသည်။

ယခုနှစ် ပြုလုပ်မည့် မတကဘတ် ဆွမ်းကပ်လှူရာတွင် အကြိုနေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်တွင် မင်းတုန်းမင်းတရားကြီးနှင့် ဆွေတော်မျိုးတော်များကို ပင့်ဖိတ်မည်ဖြစ်ကာ ညပိုင်းတွင် မင်းတုန်းမင်းကြီး၏ အုတ်နန်းပြသာဒ်၌ ဆီမီးပူဇော်မည် ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ နတ်ရွာစံပြီးတဲ့ ဆွေတော်မျိုးတော်တွေပေါ့လေ။ အကုန်လုံးအတွက်ကို တရား၊ ဓမ္မနဲ့ ပူဇော်ပြီး ကိုယ်က အလှူကုသိုလ် လုပ်ပေးမယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ လူပရိတ်သတ် အနည်းငယ်နဲ့ ဆောင်ရွက်သွားမှာပါ”ဟု ကိုထိပ်တင်အောင်က ဆိုသည်။

မင်းတုန်းမင်းကြီး နတ်ပြည်စံသည့်နေ့ဖြစ်သော အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ဓမ္မကာရာမ ရွှေကျင်တိုက်မကြီးရှိ သံဃာကုန်ကို နေ့ဆွမ်းကပ်မည်ဖြစ်ပြီး လေးပြင်လေးရပ်မှ ဆရာတော်ကြီးများကို လှူဖွယ်ဆပ်ကပ်မည်ဖြစ်ကာ နေ့လယ်ပိုင်းတွင် ဓမ္မသဘင်ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

“ဖိတ်ကြားခြင်းအနေနဲ့တော့ ဖိတ်စာနဲ့ဖိတ်ကြားခြင်း မဆောင်ရွက်တော့ဘဲ ဆွေတော်မျိုးတော်များကြား ဒီရက်ဒီအခါမှာ ဒီလိုကျေးဇူးဆပ်ကြမယ်ဆိုပြီး စုပေါင်းဆောင်ရွက်ကြတာပါ။ နောင်နှစ်များ အခွင့်သင့်ရင်တော့ မြနန်းစံကျော်ရွှေနန်းတော်ပေါ်မှာ အားလုံးဖိတ်ကြားပြီး ဆောင်ရွက်သွားချင်ပါသေးတယ်” ဟု ကိုထိပ်တင်အောင်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *