October 19, 2024

၁၈.၁၀.၂၀၂၃
Written by Peya

ရောင်ပြန်မပါသော တွဲကားများတွင် ရောင်ပြန်များကို အခမဲ့ ခွင့်တောင်းပြီး ကပ်ပေးရန်အတွက် စီစဉ်နေကြောင်း ပြည်သူ့ကယ်ဆယ်ရေး People Rescue မှ ဦးမောင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားချက်အရ သိရသည်။

“ရောင်ပြန်တွေ ဝယ်မယ်။ ရောင်ပြန်မပါတဲ့ တွဲကားတွေတွေ့ရင် ခွင့်တောင်းပြီး ကပ်ပေးမယ်” ဟု ၎င်းက ရေးသားထားခြင်း ဖြစ်သည်။

ရောင်ပြန်မကပ်ထားသော တွဲကားများကို ညပိုင်းတွင်အနောက်မှ ဝင်တိုက်မိသည့် ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန်အတွက် ထိုသို့ စီစဉ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရောင်ပြန်များကိုဝယ်ကာ လူနာတင်ယာဉ်များကို လှူဒါန်းသွားမည်ဖြစ်ပြီး အဆိုပါအသင်းများကတစ်ဆင့် တွဲကားများကို ခွင့်တောင်းကာ ကပ်ပေးရန်အတွက် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေလိုသည့်အတွက် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကာ ရောင်ပြန်မပါသည့်​ကားများသာမက အမြင်မတော်သည့် ဓာတ်တိုင်များ၊ မျက်ကွယ်က အရာများတွင်လည်း ကပ်ပေးသင့်ကြောင်းလည်း ၎င်း၏ ပြောကြားထားချက်အရ သိရသည်။

“ညဘက်ကျတော့ မီးတော့ ထိုးတာပဲ။ အရှိန်လွန်ပြီးတော့မှ ဘွားကနဲ တွဲကားကို တွေ့လိုက်ရတာ။ ရောင်ပြန်မပါတော့ ဝင်တိုက်မိသွားတာ။ လူက ဘာမှမဖြစ်ပေမယ့် သင်ခန်းစာတော့ ရသွားခဲ့တယ်” ဟု ရောင်ပြန်မပါသော တွဲကားကို တိုက်မိခဲ့သူတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

ပြီးခဲ့သောရက်ပိုင်းက ပရဟိတလူနာတင်ယာဥ်တစ်စီး လူနာတင်ဆောင်မောင်းနှင်လာစဥ် လမ်းဖြတ်ကူးသူကို ရှောင်ရာက တွဲကားကို တိုက်မိရာမှ လူနာတစ်ဦး၊ ပရဟိတအကူတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသည့်ဖြစ်စဥ်တွင်လည်း တိုက်မိသည့်တွဲကားမှာ ရောင်ပြန်မပါရှိဟုလည်း ပရဟိတသမားတစ်ဦးထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *