October 19, 2024

◾ ယခုလပိုင်းအတွင်း ရေးဘီလူးက လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အရာရှိများကို သတ်ဖြတ်ထား

၁၈. ၁၀. ၂၀၂၃
Written by Nay Moe

မွန်ပြည်နယ် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်းကို ရေးဘီလူး PDF အဖွဲ့က ယနေ့နံနက်တွင် ထပ်မံသတ်ဖြတ်လိုက်ပြီး ယခုလပိုင်းအတွင်း ရေးဘီလူး PDF အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အရာရှိများကို သတ်ဖြတ်ထား သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်က ရေးမြို့တွင် မြို့လယ်၊ ရန်ကြီးအောင်ရပ်ကွက်ရှိ “ဖူး” လက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း လက်ဖက်ရည်သောက်ကာ နံနက်စာစားနေသည့် ​ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်း (၅၂ နှစ်)ကို ရေးဘီလူး PDF အဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်စီးနင်းရောက်ရှိလာကာ သေနတ်ဖြင့်သုံးချက် အလစ်အငိုက်တွင်း ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့ သတ်ဖြတ်မှုကို ရေးဘီလူးက “မွန်ပြည်နယ် ရေးမြို့နယ်မှာရှိတဲ့ ပင်လယ် ငါးဖမ်းသင်္ဘောကြီးတွေအပေါ်သြဇာအပြည့်ရှိ/လုပ်ပိုင်ခွင့်အပြည့်အဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲမှာ အနားပေးလိုက်ပါပြီ။ အကောင်ကြီးစားရတော့ တကယ်ဆိမ့်တယ်ဗျား” ဟု ဝန်ခံရေးသားထားသည်။

ရေးဘီလူးအဖွဲ့သည့် ပြီးခဲ့သော စက်တင်ဘာ ၁၈ ရက်ကလည်း ရေးမြို့လယ်တွင် ရဲအုပ်မြင့်လွင်ကို သတ်ဖြတ်ထားပြီး စက်တင်ဘာ ၂၆ ရက်ကလည်း ရေးမြို့လယ်ရှိ မြဝတီဘဏ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၍ လခရတစ်ဦးသေဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရမှုဖြစ်အောင်လည်း တိုက်ခိုက်ထားသည်။ ထို့ပြင် စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီကျော်တွင် ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအုပ်စု၊ စိန်ကြီးကျေးရွာနေ ဦးစိုးအောင်သည် အဖော် ၂ ဦးနှင့်အတူ လိုက်ထရပ်ကားဖြင့် ကျောင်းရွာကျေးရွာမှ သင်္ဃန်းကျွန်းကျေးရွာသို့ ပြန်လာစဉ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးတွင် ရေးဘီလူး PDF ၅ ဦးက ဦးစိုးအောင်တို့ သုံးဦးကို ခမရ ၅၉၁ မှ ဒုတပ်ရင်းမှူးအဖွဲ့ဟုဆိုကာ ပစ်ခတ်ရာမှ ဦးစိုးအောင်သေဆုံးမှုလည်း ဖြစ်ပွားထားသည်။

ထို့အတူ ပြီးခဲ့သော အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မေတ္တာရပ်ကွက်၊ ရေး-အစင်သွားကားလမ်းဘေးရှိ “ခိုင်ခန့်”ပရိဘောဂဆိုင်ရှေ့၌ အောင်မေတ္တာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်(၅၅)နှစ်ကိုလည်း ရေးဘီလူး PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအေးလွင်တွင် ကျောကုန်း/ဝမ်း ဗိုက်တို့ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့သည်ဟုလည်း သိရသည်။

MT News သတင်းဌာနရေးသားခဲ့သော သတင်းမှတ်တမ်းများအရ ရေးမြို့နယ်တွင် ရေးဘီလူး PDF အဖွဲ့ပစ်ခတ်သတ်ဖြတ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်နွှယ်သူ ၁၅ ဦးအထက်ကို ယခုနှစ်အတွင်း ရေးဘီလူးအဖွဲ့က သတ်ဖြတ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *