October 18, 2024

၁၂.၁၁.၂၀၂၂

Written By Pan Ei

ဆိုးလ်မြို့ အီထယ်ဝမ်တွင် လူအသေအပျောက်များလှသော Halloween ပွဲတော် လူပိမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းကိုခံနေရသည့် Yongsan ရဲစခန်းမှ အကြီးတန်း ရဲအရာရှိတစ်ဦးကို ၎င်း၏နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

အသက် ၅၅ နှစ်အရွယ်ရှိသော မျိုးရိုးအမည် ဂျောင်ဖြစ်သည့် ထိုရဲအရာရှိကို သောကြာနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်း၏ နေအိမ်၌ မိသားစုမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အာဏာအလွဲသုံးစားလုပ်မှု၊ အထောက်အထားများဖျက်ဆီးမှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပေါ့ဆမှုတို့ဖြင့် စွဲချက် အတင်ခံထားရသော ထိုရဲအရာရှိသည် ဗုဒ္ဓဟူးနေ့တွင် တာဝန်မှ ရပ်ဆိုင်းခြင်းကို ခံခဲ့ရသည်။

အောက်တိုဘာ ၂၉ ရက် အီထယ်ဝမ်တွင် Halloween ပွဲတော်၌ လူပိမှုဖြစ်ပွားခဲ့ရာ ၁၅၆ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ လူအများအပြားသည် ထိုအဖြစ်ဆိုးကြီးမဖြစ်ပွားမီ နာရီပိုင်းအလိုတွင် အီထယ်ဝမ်၌ အန္တရာယ်များသော လူစုလူဝေးဖြစ်မှုနှင့်ပတ်သက်၍ Yongsan ရဲစခန်းကို အကြိမ်ပေါင်းများစွာ အကြောင်းကြားခဲ့ကြောင်း မျက်မြင်သက်သေများကပြောဆိုခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် အခင်းမဖြစ်ပွားမီ လေးနာရီအလိုတွင် အီထယ်ဝမ်ရှိ လူများထံမှ အနည်းဆုံး ဖုန်းခေါ်ဆိုမှု ၁၁ ခုထက်မနည်း ရရှိခဲ့ကြောင်း မှတ်တမ်းများမှဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်က NPA အကြီးအကဲ Yoon Hee-keunကလည်း “ရဲများသည် ၎င်းတို့၏ တုံပြန်မှုတွင် အမှားများ ပြုလုပ်ခဲ့ကြောင်း” ပထမဆုံးအကြိမ် ဝန်ခံခဲ့သည်။ အရေးပေါ်ဖုန်းခေါ်ဆိုမှုများအတွက် ရဲတပ်ဖွဲ၏တုံပြန်မှုသည် “လိုအပ်မှုများ ရှိခဲ့ကြောင်း” နှင့် အေဂျင်စီအကြီးအကဲအဖြစ် “လေးလံသောတာဝန်” ကို ခံစားခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ထိုရဲအရာရှိသေဆုံးမှု အခြေအနေများကို စစ်ဆေးပြီးနောက် အမှုကို ပိတ်သိမ်းရန် စီစဉ်ဖွယ် ရှိနေသည်။

Ref; Koreaboo, CNN

Leave a Reply

Your email address will not be published. Required fields are marked *