October 18, 2024

MT News

Writing By Treasure

အောက်တိုဘာလအတွက် ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ဒီနေ့မှာ အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနဲ့ အာဆီယံဒေသတွင်း အသင်းတစ်သင်းဖြစ်တဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ တောင်ကိုရီးယားအသင်းက ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။

ဗီယက်နမ်မြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲအတွက် တောင်ကိုရီးယားအသင်းက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆွန်ယောင်မင်၊ ကင်မင်ဂျေးစတဲ့ အဓိကသမား၂ ဦးကို အသုံးပြုခဲ့သလို အသင်းရဲ့ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဗီယက်နမ်အသင်းကလည်း သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေနဲ့ ပွဲထွက်ကစားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ဘောလုံးအဆင့်အတန်းဟာ ကွာခြားမှုကြီးမားတာကြောင့် ပွဲစကတည်းက တောင်ကိုရီးယားအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာ ကစားကွက်အသာနဲ့ ထိုးဖောက်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၅ မိနစ်မှာ ကင်မင်ဂျေးရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့သလို ပွဲကစားချိန် ၂၇ မိနစ်မှာ ဟောင်ချန်ဟီးက ဒုတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ တောင်ကိုရီးယားအသင်းက ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီယက်နမ်အသင်းက တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ချေပဂိုးပြန်လည်ရရှိဖို့ကြိုးစားခဲ့ပေမယ့် တောင်ကိုရီးယားနောက်ခံလူတွေကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ပွဲကစားချိန် မိနစ် ၅၀ မှာ ဗီယက်နမ်အသင်းရဲ့ကစားသမား ဗိုမင်သောင်က Own Goal ပြုလုပ်မိခဲ့သလို ပွဲကစားချိန် ၆၁ မိနစ်မှာ ‌ဆွန်ဟောင်မင်၊ မိနစ် ၇၀ မှာ လီကင်ဂျင်းနဲ့ မိနစ် ၈၀ မှာ ဂျိုဟွန်ဝူးတို့က ဂိုးတွေထပ်မံ သွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ တောင်ကိုရီးယားအသင်းက ဗီယက်နမ်အသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *