October 19, 2024

MT News

Written by Thettant

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း အောက်တိုဘာ ၇ ရက်နေ့ မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးမှုသဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းများ ပျက်စီးခဲ့မှုများကို မြန်မာ့မီးရထားအနေဖြင့် အမြန်ဆုံးပြင်ဆင်မှု ဆောင် ရွက်နိုင်ခဲ့သောကြောင့် အောက်တိုဘာ ၁၄ ရက်မှစ၍ ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များကို ပုံမှန်ပြန်လည် ပြေးဆွဲပေးလျက်ရှိသည်။

ထိုသို့ ပြေးဆွဲလျက်ရှိရာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းတွင် မန္တလေးမှ ထွက်ခွာလာသော မန္တလေး-ရန်ကုန် အမှတ်(၆)အစုန်အမြန် ရထားသည် ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား မိုင်တိုင်အမှတ်၊ ၉၈/၄-၅ ကြားရှိ တံတားအမှတ် (၁၃၆) အနီးသို့အရောက်၌ PDF များက အစုန်နှင့် အဆန် ရထားလမ်း နှစ်ခုစလုံးအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးထားသဖြင့် ရထားပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်တည်ဆောက်နေသော အစုန်ရထားလမ်းတို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ(၂)ပေခန့်စီ ပြတ်တောက် ကွေးကောက်ခြင်း၊ သံလမ်းသစ်(၆)ချောင်းပျက်စီးခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့သည်။

အဆိုပါပျက်စီးမှုကြောင့် အမှတ်(၆)အစုန် အမြန်ရထားသည် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်၍ ခေတ္တရပ်နားခဲ့ရသည်။ အလားတူ မန္တလေး-ရန်ကုန် အမှတ်(၄)အစုန် ရထားကိုလည်း ကျောက်တံခါးဘူတာတွင် ခေတ္တရပ်နားထားခဲ့ရသည်။

ယင်းသို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းများအား မြန်မာ့မီးရထား ဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ရာ နံနက် ၁၀နာရီ ၅၀ မိနစ်ခန့်တွင် ပြီးစီးခဲ့သဖြင့် အဆိုပါရထားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထား လမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ တွေ့ရှိခြင်း ၁၂၆ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *