၁၂ .၁၁. ၂၀၂၂
Written by Thi Ha
မန္တလေးတိုင်းဒေသကြီး ညောင်ဦးနယ်တစ်ဝိုက်မှ ပဲစိုက်တောင်သူအများစု ကြွက်နှင့် ရှဉ့် ဖျက်ဆီးသည့် အန္တရာယ်ကို ယခုနှစ်ပိုင်းအတွင်း ဆိုးဆိုးရွားရွားခံစားလာရကြောင်း MT News သို့ ပြောသည်။
ရှဉ့် ကျသည့် အန္တရာယ်ကို ခံစားလာရသည်မှာ ၅ နှစ်ခန့်ရှိသော်လည်း ပစ္စည်းတင်သေးသည်ဟု ဆိုသည်။ ယမန်နှစ်က ပဲစိုက်ရာသီမှစ၍ ကြွက်ပါ ကျလာသဖြင့် ပဲခင်း ဧက နည်းသူတို့မှာ ထွက်နှုန်းပါ မတင်ဖြစ်ရသည်အထိ ရှိကြောင်း ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ထီးပု ကျေးရွာမှ တောင်သူ ဦးအောင်ဘော်က သူကြုံတွေ့ရသည့် ဖြစ်ရပ်ကို MT News သို့ ပြောသည်။
ဦးအောင်ဘော်က “ကျွန်တော်က ၇ ဧက စိုက်တာ။ အရင်ကဆို တစ်ဧကကို ၁၅ တင်းလောက်ထွက်တယ်။ အဲဒီလောက်မှ ကျွန်တော်တို့က အခွံချွတ်ပြီးကို ၄ တင်းခွဲ ၅ တင်းလောက်တင်တာ။ အခုက မနှစ်က(၆ လ ပဲ) ထွက်ချိန် တိရစ္ဆာန်ကလည်း စော်ကား ( ဖျက်စီးစားသောက်ခြင်းကို ရပ်ဓလေ့ အသုံးအနှုန်း) မိုးကလည်း မိုးဇလကသာရွာမယ်ဆိုတာ မကျဘူး။ ဒီတော့ ဒီဘက်က အထွက်နှုန်း ကျတာပေါ့။ တစ်ဧကကို ၃ ပုံ ၂ ပုံက ကြွက်နဲ့ ရှဉ့် စော်ကားတာနဲ့ ကုန်တာ။ တစ်ဧက ၂ ဧက သမားဆို နှုတ်တောင်မနှုတ်တော့ဘူး ပစ်ခဲ့ရတာ” ဟု ဆိုသည်။
ပုဂံ၊ ညောင်ဦးခရိုင်သည် မြေပဲနှင့် ပဲစဥ်းငုံ အဓိက စိုက်သောအရပ်ဒေသဖြစ်ပြီး မိုးနည်းဒေသ ဖြစ်သည့်အလျောက် စိုက်ခင်း အထွက်နှုန်းလည်း နည်းသည်။ ယခုလသည် မြေပဲကြီးမျိုး နှုတ်သိမ်းသည့် ရာသီဖြစ်သော်လည်း မိုးတစ်ပြိုက် နှစ်ပြိုက် အကျကို မျှော်လင့်စောင့်နေသဖြင့် ဒီဇင်ဘာ လကုန်ပိုင်းလောက်အထိ စောင့်နေကြခြင်းလည်း ဖြစ်သည်။
ထီးပုရွာခံတစ်ဦးဖြစ်သူ ဦးအေးမင်းကလည်း မိုးက ကျွန်တော်တို့ဘက် ရွာရန် ရာနှုန်းရှိတယ်ဆိုတိုင်းလည်း မရွာဘူး။ ကွက်ကြားတွေ ရွာတာ။ မြစ်တစ်ဖက်ကမ်း မကွေးဘက် သွားကျတာ။ ဒီနှစ် မြေပဲကြီး နှုတ်ချိန် မိုးမကျတော့ အသီးတင်နည်းနေတာ။ မိုးတစ်ပြိုက်ကျတာနဲ့ နှုတ်လို့ရပြီ။ သိမ်းချိန်နောက်ကျရင် လှိုင်လှိုင်ထွက်နဲ့ တိုက်လို့ စျေးကောင်းရချိန်ကျော်ပြီး စျေးရနည်းပြန်ရော။ အခုလည်း ကြွက်နဲ့ ရှဉ့် ကျပြန်တော့ ဘာမှ အဖတ်မတင်ပြန်ဘူးပေါ့”ဟု သူ့ဖြစ်ရပ်ကို ပြောသည်။