October 19, 2024

MT News

၁၇. ၁၀. ၂၀၂၃

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံသားများအနေဖြင့် ယင်းတို့ကိုင်ဆောင်သည့် Passport For Job(PJ) နှင့် Passport For Seaman(PS) နိုင်ငံကူးလက်မှတ် အမျိုးအစားများအတွက် သက်တမ်းတိုးမြှင့်ခြင်း လာရောက်လျှောက်ထားသည့်အခါ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးမြှင့်ပေးသည့် လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကြေညာထားသည်။

ထို့ကြောင့် PJ နှင့် PS အမျိုးအစား နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးမြှင့်ရန် လာရောက်လျှောက်ထားလာပါက ပြည် တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တစ်ပါတည်း ယူဆောင်လာရန် ကြိုတင်အသိပေးထားသည်။

ပြည်ပရောက်မြန်မာလုပ်သားများအပေါ်အခွန်ကင်းလွတ်ခွင့်ပြုထားမှုကို ယခုအောက်တိုဘာမှ စတင်ပယ်ဖျက်ပြီးနောက် ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် လစာ၏ ၂ ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်ဖြစ်ကာ လစာဝင်ငွေခွန်ကို နည်းလမ်း၂ မျိုးဖြင့်တွက်ချက်၍ နည်းရာကိုပေးဆောင်ရမည်ဟု ၂၀၂၃ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေဖြင့် ပြင်ဆင် ပြဌာန်းခဲ့သည်။

“အကြမ်းဖျဉ်းအားဖြင့် နည်းရာကတော့ ၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပေးဆောင်ရမဲ့ နည်းလမ်းကတော့ နိုင်ငံခြားရှိ မြန်မာသံရုံးတွေမှာ လစဉ်၊ ၃ လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်စသည်ဖြင့် ဗီဇာသက်တမ်းတိုးချိန်၊ Passport သက်တမ်းတိုးချိန်တွေမှာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်ပနိုင်ငံတွင် လစာဝင်ငွေခွန်ပေးဆောင်ခြင်းမရှိခဲ့ပါက မြန်မာနိုင်ငံပြန်ရောက်ချိန်တွင် မိမိတို့နေထိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သွားရောက်ပေးဆောင်ရမည်ဖြစ်သည်။ အခွန်ပေးဆောင်ရာတွင် မိမိသွားရောက်ရာ နိုင်ငံ၌ လစာနှင့် ပတ်သက်သည့်ဝင်ငွေခွန်သွင်းထားပါက တွက်ချက်မှုအရ ပေးဆောင်ရန်ပေါ်ပေါက်သောအခွန်မှ ခုနှိမ်ပေးမည်ဖြစ်ပြီး အခွန်ကို မိမိရရှိခဲ့သောနိုင်ငံခြားငွေကြေးဖြင့် ပေးဆောင်ရမည်ဖြစ်သည်။

နည်းလမ်းနှစ်မျိုးဆိုသည်မှာ ဝင်ငွေခွန်ဥပဒေအရ သက်သာခွင့်များနုတ်ပယ်ပြီး ဝင်ငွေအလွှာလိုက်ကောက်ခံခြင်းနှင့် ဒုတိယနည်းလမ်းမှာ သက်သာခွင့်မနုတ်ပယ်ဘဲ အခွန် ၂ ရာခိုင်နှုန်းဖြင့် ကောက်ခံခြင်းတို့ဖြစ်ပြီး ဝင်ငွေအလွှာလိုက်ကောက်ခံမှုမှာမူ အများဆုံး ၂၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသဖြင့် ပြည်ပရောက်လုပ်သားများကိုမူ နည်းရာနှုန်းဖြင့် ကောက်ခံရမည်ဆို၍ ၂ ရာခိုင်နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *