October 19, 2024

၁၇.၁၀.၂၀၂၃
Translated by Htwe Ko Tum

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်အလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ချုပ်နှောင်ထားသူလေးဦးက အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း အာဏာပိုင်များက ပြောကြသည်။

၎င်းတို့တွင် လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ထားသူတစ်ဦးလည်းပါဝင်ကာ ၎င်းတို့က ပျက်စီးနေသော ပြတင်းပေါက်တစ်ခုကိုကျော်ဖြတ်၍ ခြံစည်းရိုးများကိုဖျက်စီးကာထွက်ပြေးသွားခဲ့ခြင်းဟု သိရသည်။

Bibb ခရိုင် ရဲမှူးကြီး ဒေးဗစ်ဒါဗီးစ်က လွတ်မြောက်သွားသူလေးဦးမှာ ဂျိုးဖောင်နီယာ၊ မာက်ကယ်ရီ အန်ဒါဆန်၊ဂျိုးနီဖာ ဒါနတ် ဘန်ဝဲလ်နှင့် ချာဗီးစ် ဒီမာရို စတုတ် တို့ဖြစ်ကြောင်း အမည်များထုတ်ဖော် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒေးဗစ်ဒါဗီးစ်က ထောင်ဝန်ထမ်းတစ်ဦးသည် ပတ်လည်ခြံစည်းရိုးတစ်လျှောက် တစ်နေရာတွင် ကျိုးပေါက်နေသည်ကို နံနက် ၆ နာရီတွင် သတိပြုမိခဲ့ကြောင်း၊ ထို့ကြောင့် ဗီဒီယိုရိုက်ကူးထားမှုကိုကြည့်ရှုရာ လူလေးဦးက ဒုတိယထပ်ရှိ အခန်းမှ ပြတင်းပေါက်ကို နံနက် ၃ နာရီခွဲတွင်ဖြတ်သန်းကာ ခြံစည်းရိုးကိုချိုးဖောက်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

၎င်းတို့က ထောင်သို့ရောက်လာပြီးနောက် အခြားဆက်သွယ်မှုများ ရှိမရှိကိုမူ သတိမထားမိခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် အနီးပတ်ဝန်းကျင်တစ်နေရာရာတွင်ရှိနေနိုင်ကြောင်း ရဲမှူးကြီး ဒေးဗစ်ဒါဗီးစ်က ထပ်ဆင့်ပြောခဲ့သည်။

ဗီဒီယိုရိုက်ကူးချက်တွင် အပြာရောင် Dodge Challenger ကားတစ်စီးက ညအစောပိုင်းကပင် ရပ်ထားသည်ကိုတွေ့ကြရသည်။ ထို့ကြောင့် တစ်စုံတစ်ဦးက ခြံစည်းရိုးအနီးစောင့်ဆိုင်းနေပုံရပြီး ပတ်ရံကာထားသောနယ်မြေခြံစည်းရိုးကိုချိုးဖောက်ရန် ပစ္စည်းအချို့ယူလာသည်ဟုလည်းယူဆရကြောင်း၊ ၎င်းတို့ကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားကြခြင်းဖြစ်ကြောင်း ရဲမှူးကြီး ဒေးဗစ်ဒါဗီးစ်ကပြောခဲ့သည်။ သို့သော် ၎င်းက မည်သို့သောပစ္စည်းများဖြစ်မည်ကိုမူ မပြောကြားခဲ့ပေ။

သို့သော် ၎င်းက ထိုအချုပ်သားလေးဦးမှာ ထိုကားဖြင့် လွတ်မြောက်သွားကြခြင်းလော၊ အခြားကားတစ်စီးစီးဖြင့် ထွက်ပြေးသွားကြခြင်းလော (သို့မဟုတ်) ခြေလျင်ထွက်ပြေးသွားကြခြင်းလော ဆိုသည်မှာ မသေချာကြောင်း ပြောခဲ့သည်။

ဒေသခံ၊ ပြည်နယ်နှင့် ပြည်ထောင်စုအာဏာပိုင်များကပါ လွတ်မြောက်သွားသူလေးဦးကိုရှာဖွေလျက်ရှိကြပြီး ထိုလေးဦးအားပြန်လည်ဖမ်းမိရန် သတင်းပေးနိုင်သူအား ဒေါ်လာ ၁,၀၀၀ ပေးမည်ဟုကမ်းလှမ်းထားသည်။

ထွက်ပြေးသည့် တရားခံလေးဦးတွင် အသက် ၅၂ နှစ်ရှိ ဂျိုးဖောင်နီယာက လူသတ်မှု၊ အသက် ၂၄ နှစ်ရှိ မာက် ကယ်ရီ အန်ဒါဆန်က ကိုယ်ထိလက်ရောက်စော်ကားမှု၊ အသက် ၃၇ နှစ်ရှိ ဂျိုးနီဖာ ဒါနတ် ဘန်ဝဲလ်က မူးယစ်မှု၊ အသက် ၂၉ နှစ်ရှိ ချာဗီးစ် ဒီမာရို စတုတ်က လက်နက်မှုနှင့် မူးယစ်ဆေးဝါး တရားမဝင် သယ် ဆောင်ရောင်းဝယ်မှုတို့ဖြင့်တရားစွဲခံထားရကြောင်း ရဲတပ်ဖွဲက ပြောခဲ့သည်။

Ref—–AP

Leave a Reply

Your email address will not be published. Required fields are marked *