October 19, 2024

၁၇. ၁၀. ၂၀၂၃
Written by Pan Ei

၂၀၂၈ ခုနှစ် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် အိုလံပစ်ပွဲမှာ ဘေစ့်ဘောနဲ့ ဆော့ဖ်ဘော (Soft Ball – ဘေ့စ်ဘောထက်ကြီးပြီး ပျော့တဲ့ ဘောလုံးနဲ့ကစားရတဲ့ ဘေ့စ်ဘောကစားနည်းနဲ့ ဆင်တူတဲ့ အမျိုးသမီးတွေအတွက် အားကစားနည်း) တို့ဟာ ပြန်လည် ပါဝင်လာတော့မှာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC)က ပြုလုပ်တဲ့ မဲခွဲမှုကနေတစ်ဆင့် အမေရိကန်မှာခေတ်စားတဲ့ ကစားနည်းတွေဖြစ်ကြတဲ့ တုတ်နဲ့ ဘောလုံးတို့ အသုံးပြုကာ ကစားရတဲ့ Lacrosse၊ နံရံနဲ့ ကြက်တောင်ရိုက်တဲ့ ကစားနည်း Squash၊ တခြားသော ဘောလုံးကစားနည်းတွေဖြစ်တဲ့ Cricket၊ Flag Football တို့နဲ့အတူ ဘေစ့်ဘောနဲ့ ဆော့ဖ်ဘောတို့ကို ၂၀၂၈ခုနှစ် LA အိုလံပစ်မှာ ယှဉ်ပြိုင်ရမယ့် ကစားနည်းတွေစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပြီး အသစ်ထည့်သွင်းထားတဲ့ ကစားနည်းတွေကို အောက်တိုဘာ ၁၆ ရက်က အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ IOC အစည်းအဝေးမှာ မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“IOC အစည်းအဝေးကနေ ၂၀၂၈ခုနှစ် LA အိုလံပစ်အားကစားပြိုင်ပွဲမှာ ဘေ့စ်ဘောနဲ့ ဆော့ဖ်ဘောကို အားကစားပြိုင်ပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အတည်ပြုနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်” လို့ ကမ္ဘာ့ဘေ့စ်ဘော၊ ဆော့ဖ်ဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ Riccardo Fraccari က ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဘေ့စ်ဘောနဲ့ ဆော့ဖ်ဘောက သန်းနဲ့ချီတဲ့ ပရိသတ်တွေကို အိုလံပစ်အားကစားပြိုင်ပွဲနဲ့ ထိတွေ့ဆက်ဆံရာမှာ အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့လည်း သူက ဆက်လက်ဖော်ပြခဲ့ပါတယ်။

ဘေ့စ်ဘောနှင့် ဆော့ဖ်ဘောတို့ဟာ ၂၀၂၀ ပြည့်နှစ် တိုကျို အိုလံပစ်အားကစားပြိုင်ပွဲပြီး နောက်ပိုင်း ၂၀၂၈ ခုနှစ်အိုလံပစ်မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ဘေ့စ်ဘောက အိုလံပစ်သမိုင်းတစ်လျှောက် သတ္တမအကြိမ်မြောက်ပါဝင်လာခြင်းဖြစ်သလို ဆော့ဖ်ဘောက ပဉ္စမအကြိမ်မြောက် ပါဝင်လာမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ပါရီမြို့မှာ ကျင်းပမယ့် အိုလံပစ်မှာတော့ အဆိုပါ အားကစားနည်း နှစ်မျိုးလုံးပါဝင်မှာ မဟုတ်ပါဘူး။

Ref; MLB.co

Leave a Reply

Your email address will not be published. Required fields are marked *