October 19, 2024

၁၇. ၁၀. ၂၀၂၃
Written by Nay Moe

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခံရတဲ့ ကျားဖျန်အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းခေါင်းဆောင် UWSA ထိပ်တန်း အရာရှိနှစ်ဦးကို “ဝ” ကထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနက ဝပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း ခေါ် ပေါက်ယန်ပန် ခေါ် ချန်ယန်ပန် (ယခင် ၄၆၈ တပ်မဟာမှူး၊ ဝခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူဟု ဆိုကြသူ)ဖြစ်ပြီးနောက်တစ်ဦးက UWSA ဝနယ်၊ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် ခေါ် အိုက်ဟော် ခေါ် ဟော်ချွင်ထင် (ဝခေါင်းဆောင်ပေါက်ယူချန်း သမက်ဟောင်းဟု ဆိုကြသူ)တို့ ဖြစ်ကြပြီး သူတို့ကို ဖမ်းမိအောင် သတင်းပေးကူညီသူကို တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ တရုတ် ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

လက်ရှိမှာတော့ အဲဒီထိပ်တန်းအရာရှိနှစ်ဦးကို အောက်တိုဘာ ၁၆ ရက် ရက်စွဲနဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ နဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ကနေ ထုတ်ပယ်လိုက်တယ်လို့ ကြေညာချက်ထုတ်ခဲ့ပြီး သူတို့နှစ်ဦးဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တာကြောင့် “ဝ”အစိုးရအဖွဲ့ရဲ့ ပုံရိပ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သလို “ဝ” အစိုးရအဖွဲ့နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကိုပါ ထိခိုက်စေတာကြောင့် ချန်ယန်ပန်နဲ့ အိုက်ဟော်တို့နှစ်ဦးကို ပါတီကနေသာမက စစ်ဘက်ဆိုင်ရာ တာဝန်ပိုင်းကနေပါ ထုတ်ပယ်လိုက်တာဖြစ်ကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံဘက်က ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုတွေ တွင်တွင်ကျယ်ကျယ်လုပ်လာပြီး မြန်မာနိုင်ငံကို နာမည်ပျက်စေခဲ့သလို တရုတ်နိုင်ငံဘက်မှာလည်း ကြောက်ရွံမှုတွေဖြစ်ပေါ်လာတာကြောင့် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပေါင်းပြီး ကျားဖျန်တွေကို နှိမ်နင်းရာမှာ တရုတ်နယ်စပ်ဘက်က တရုတ်ရာဇဝတ်ဂိုဏ်းသား ထောင်ချီဖမ်းမိခဲ့သလို မြန်မာဘက်က လူ ၄၆၀၀ ကျော် လွှဲပြောင်းပေးခဲ့ပြီး အဲဒီအထဲမှာ “ဝ” က ဖမ်းပေးတဲ့ တရုတ်ရာဇဝတ်သားလည်း ထောင်ဂဏန်းလောက်ပါဝင်ခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ကိုးကန့်ဘက်က ထိပ်တန်းသူဌေးကြီးတွေအပါအဝင် ၁၁ ဦးကိုလည်း ကျားဖျန်လိမ်လည်မှုတွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး တရုတ်ဘက်က ဖမ်းဆီးပြီးနောက်မှာ UWSA ဘက်က အရာရှိနှစ်ဦးကိုပါ အောက်တိုဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ UWSA ထိပ်တန်းအရာရှိနှစ်ဦးကို “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ နဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ကနေ ထုတ်ပယ်လိုက်တယ်ဆိုပေမဲ့ တရုတ်နိုင်ငံကို တရားခံအဖြစ် လွှဲပြောင်းပေး မပေးကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *