၁၇. ၁၀. ၂၀၂၃
Written By Treasure
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်တို့က ပူးပေါင်းကျင်းနေတဲ့ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမယ့် MNL-2 အလွတ်တန်းဘောလုံးပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပသွားမယ်လို့ မြန်မာနေရှင်နယ်လိဂ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနေရှင်နယ်လိဂ်ရဲ့ ထုတ်ပြန်ချက်အရတော့ မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးဘောလုံးပြိုင်ပွဲကို ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်စေဖို့အတွက်နဲ့ ပရော်ဖက်ရှင်နယ် ကလပ်အသင်းသစ်တွေ ထပ်မံပေါ်ထွက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၃ ဘောလုံးရာသီက စတင်ပြီး မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ တန်းတက်တန်းဆင်းစနစ်ကို ထည့်သွင်းခဲ့ကျင်းပခဲ့တာကြောင့် ရာသီပြီးဆုံးချိန်မှာ မောရဝတီအသင်းနဲ့ Golden Grit တို့ တန်းဆင်းခဲ့ရလို့ လစ်လပ်သွားတဲ့ အသင်း ၂ နေရာစာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမဲ့ အသင်းသစ်တွေကို စိစစ်ရွေးချယ်မယ့် MNL 2 Promotion Amateur Club Tournament 2023 ပြိုင်ပွဲကို လာမဲ့ ဒီဇင်ဘာလအတွင်း အပျော်တမ်းအဆင့် ကလပ်အသင်း ၈ သင်းနဲ့ ကျင်းပသွားတော့မှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
လက်ရှိအချိန်မှာတော့ MNL 2 Promotion Amateur Club Tournament 2023 ပြိုင်ပွဲကို ရန်ကုန် အခြေစိုက် အပျော်တမ်းလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ Yangon Premier League နှင့် MyanPlay Pro League တို့က ချန်ပီယံအသင်းနဲ့ Runners-Up အသင်းတို့က ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်သလို ပုသိမ်အပျော်တမ်းလိဂ်က ကလပ်အသင်းအချို့လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။
MNL 2 Promotion Amateur Club Tournament 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ အသင်းတွေအနေနဲ့ ပြိုင်ပွဲကို ရေရှည်ယှဉ်ပြိုင်နိုင်လောက်တဲ့ ဘဏ္ဍာရေးတောင့်တင်းမှုမျိုး ရှိဖို့လိုအပ်မှာဖြစ်သလို MNL 1 ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်နိုင်တဲ့အထိ ရည်ရွယ်ဖွဲ့စည်းကြရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်မဲ့ အသင်းနှစ်သင်းဟာ ၂၀၂၄ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး ပထမရရှိတဲ့ အသင်းကို ဆုဖလားနဲ့ ဆုကြေးငွေ ကျပ်သိန်း ၃၀၊ ဒုတိယရရှိတဲ့ အသင်းကို ဆုကြေးငွေ ကျပ် ၁၅ သိန်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တန်းတက်ခွင့် ရရှိတဲ့အသင်းနှစ်သင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ်က ချမှတ်ထားတဲ့ အသင်းဖွဲ့စည်းပုံနဲ့ ဘဏ္ဍာရေးဆိုင်ရာမူဝါဒတွေကို လိုက်နာနိုင်ခြင်းမရှိရင်တော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမှာမဟုတ်ဘဲ ဆီမီးဖိုင်နယ်ရောက်အသင်းထဲက သတ်မှတ်ချက်နဲ့အညီ ပြန်လည်စိစစ်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။