October 19, 2024

◼️အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးနှင့်သွေးစည်းညီညွတ်မှုကိုပြရန် အလည်ခရီးသွားရောက်မည်

၁၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေး-ဟားမားစ် စစ်ပွဲဖြစ်ပွားမှု၏ ဆယ်ရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီ (ဂရင်းနစ်စံတော်ချိန် မွန်းတည့် ၁၂း၀၀ နာရီ)အထိ နှစ်ဖက်စလုံးမှ အသက်ဆုံးရှုံးရသူ ပေါင်း ၄,၂၀၀ ကျော် သွားခဲ့ပြီဖြစ်ကြောင်း နှစ်ဖက် ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာတွင် သေဆုံးသူ အနည်းဆုံး ၂,၈၀၈ ဦး ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၁၀,၈၅၉ ဦးရှိသွားပြီဟု သိရသည်။ အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသတွင်လည်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူအနည်းဆုံး ၅၇ ဦးရှိကာ ဒဏ်ရာရသူ အနည်းဆုံး ၁,၂၀၀ ဦးရှိခဲ့သည်။

အစ္စရေးလေတပ်က ဟားမားစ်တို့ ဝင်ရောက်တိုက်ခိုက်သည့်နောက်တွင် ဂါဇာကမ်းမြောင်ဒေသကို ခြောက်ရက်အတွင်း ဗုံးအလုံးရေ ၆,၀၀၀ ခန့် ကြဲချခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ၎င်းအရေအတွက်က အမေရိကန်က အာဖဂန်နစ္စတန်တွင် တစ်နှစ်တာကာလအတွင်းကြဲချခဲ့သည့် ဗုံးအရေအတွက် နီးပါးရှိကြောင်းလည်းသိရသည်။ သို့သော် အာဖဂန်နစ္စတန်က ဂါဇာဒေသထက် အဆ ၁,၈၀၀ နီးပါး ကျယ်ဝန်းသည်ဟုလည်း ဆိုသည်။

အစ္စရေးနိုင်ငံအတွင်းတွင်လည်း သေဆုံးသူ အနည်းဆုံး ၁,၄၀၀ ဦး ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၃,၄၀၀ ဦးရှိသွားပြီဟု ကြေညာချက်များကဖော်ပြခဲ့သည်။ ၎င်းတို့တွင် အမေရိကန်နိုင်ငံသား အနည်းဆုံး ၃၀ ဦးခန့်ပါဝင်ကြောင်းလည်း သိရသည်။ ဟားမားစ် တို့က အစ္စရေးနိုင်ငံအတွင်း ပထမဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၇ ရက်၌ပင် ဒုံးကျည်အလုံး ၅,၀၀၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ပြောခဲ့ကြကာ နောက်ရက်များတွင်လည်း ဆက်လက်ပစ်လွှတ်တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဟားမားစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ အဘူ အိုဘေးဒါး က ဖမ်းဆီးထားသူ စုစုပေါင်း ၂၅၀ ခန့် ရှိသည့်အနက် ၂၀၀ ခန့်မှာ ဟားမားစ်အုပ်စုကဖမ်းဆီးထားခြင်းဖြစ်၍ ၅၀ ခန့်မှာ အခြားအဖွဲ့များလက်တွင် ဖြစ်ကြောင်း၊ ၎င်းတို့တွင် နိုင်ငံခြားသားများလည်းပါဝင်ကြောင်း၊ ဟားမားစ်အဖွဲ့အနေနှင့် နိုင်ငံခြားသားများအား ကောင်းမွန်စွာထားကြောင်း၊ မြေပြင်အခြေအနေပေးလျှင် နိုင်ငံခြားသားများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုအတောအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အစ္စရေးနှင့်သွေးစည်းညီညွတ်မှုကိုပြသရန် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးသို့သွားရောက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်းဂျော်ဒန်နှင့်အီဂျစ်နိုင်ငံများသို့လည်းသွားရောက်ကာ ဂါဇာဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုအရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးသို့လာရောက်မည်ဟု ကြေညာချက်နှင့်အတူ အစ္စရေးအစိုးရက အမေရိကန်ပြည်ထောင်စုသို့ စစ်ရေးအထောက်အပံ့ ဒေါ်လာ ၁၀ ဘီလျံတောင်းဆိုထားကြောင်းလည်း NY Times သတင်းစာက ဖော်ပြခဲ့သည်။

Ref—– Al Jazeera, The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *