October 19, 2024

၁၇. ၁၀. ၂၀၂၃
Written by Pan Ei

တစ်ကမ္ဘာလုံးက ဂိမ်းပရိသတ်တွေ နှစ်သက်စွာ ဆော့ကစားကြတဲ့ League of Legends (LoL) ဂိမ်းဟာ တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီးတဲ့ ဂိမ်းတစ်ခုဖြစ်ကာ ဂိမ်းရဲ့ အသစ်ထွက်ရှိမယ့် Virtual Boy Group မှာ နာမည်ကြီး တောင်ကိုရီးယား အဆိုရှင်အဖွဲ့ EXO ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Baekhyun က အသံသရုပ်ဆောင်အနေနဲ့ ပါဝင်သွားမှာ ဖြစ်တယ်လို့ ဂိမ်းထုတ်ဝေသူ Riot Games က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အရင်က ထွက်ရှိခဲ့တဲ့ League of Legends (LoL) ဂိမ်းက Virtual အဖွဲ့တွေရဲ့ သီချင်းတွေဟာဆိုလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး အခုထွက်ရှိမယ့် ယောက်ျားလေးအဖွဲ့သစ်ရဲ့နာမည်ကတော့ Heartsteel လို့ အမည်ရကာ ဂိမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ Ezreal၊ Kayn၊ Aphelios၊ Yone၊ K’Sante၊ Sett တို့က အဖွဲ့ဝင်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့မှာ Baekhyun က အဓိကအဆိုရှင် Ezreal နေရာကနေ ပါဝင်သွားမှာဖြစ်သလို Sett အဖြစ် ထိုင်ဝမ် အမေရိကန် ရက်ပ်အဆိုတော် ØZI၊ K’Sante အဖြစ် နိုင်ဂျီးရီးယား အဆိုတော် Tobi Lou၊ Kayn အဖြစ် အမေရိကန် ရက်ပ် Cal Scruby စတဲ့ နာမည်ကျော်အနုပညာရှင်တွေက အသံသရုပ်ဆောင်ကာ သီဆိုသွားမှာပဲ ဖြစ်ပါတယ်။

အရင်က တောင်ကိုရီးယားက နာမည်ကြီးအဖွဲ့တွေဖြစ်တဲ့ G-Idle၊ Aespa တို့နဲ့ ပေါင်းစပ်ကာ ထုတ်လုပ်ခဲ့တဲ့ သီချင်းတွေဟာဆိုရင်လည်း ပရိသတ်တွေဆီက အပြုသဘောဆောင်တဲ့ မှတ်ချက်တွေရရှိခဲ့ဖူးပြီး ၂၀၂၃ ခုနှစ် League of Legends (LoL) World Championship ပြိုင်ပွဲအတွက် သီချင်း(Theme Song)ကိုလည်း တောင်ကိုရီးယား အမျိုးသမီး အဆိုရှင်အဖွဲ့ NewJeans က သီဆိုပေးထားတာဖြစ်ပါတယ်။

ဂိမ်းထဲက ဇာတ်ကောင်တွေနဲ့ အပြင်က အနုပညာရှင်တွေနဲ့ ပေါင်းစပ်ကာ ဆန်းသစ်တီထွင်ပြီး ပရိသတ်တွေနှစ်သက်စေတဲ့ ဂီတအခိုက်အတန့်တွေ ချပြတတ်တဲ့ League of Legends (LoL) ရဲ့ နောက်ဆုံးထွက်ရှိမယ့် ယောက်ျားလေး အဖွဲ့သစ် Heartsteel ရဲ့ ပွဲဦးထွက်သီချင်းနာမည်ကတော့ Paranoia ဖြစ်ကာ လာမယ့် အောက်တိုဘာ ၂၃ ရက်မှာ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *