October 19, 2024

◾ လုပ်ငန်းရှင်များထံမှ ဆိုင်ကယ်အများအပြားပေးရန် အဓမ္မတောင်းခံနေမှု ဆက်ကြေးသဖွယ်ဖြစ်နေသည်ဟု ပြည်သူများ ဝေဖန်

၁၇. ၁၀. ၂၀၂၃
Written by Nay Moe

သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် ယာဥ်လိုင်းများထံ ဖြတ်သန်းဒဏ်ကြေးအဖြစ် ဆိုင်ကယ်များပေးရန် သပိတ်ကျင်းပကဖက ညွှန်ကြားစာထုတ်၍ တောင်းခံနေမှုမှာ လုပ်ငန်းရှင်များထံမှ ဆိုင်ကယ်အများအပြားပေးရန် အဓမ္မတောင်းခံနေခြင်းနှင့် ဆက်ကြေးသဖွယ် အဓမ္မတောင်းခံနေမှုသဖွယ်ဖြစ်နေသည်ဟု ဝေဖန်ကြ၍ ယနေ့တွင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(သပိတ်ကျင်းပကဖ)က ပြန်လည်တောင်းပန်စာ ထုတ်ပြန်သည်။

သပိတ်ကျင်းပကဖက အောက်တိုဘာ ၁၅ ရက်တွင် သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော အမြန်ယာဉ်လိုင်းများအနေဖြင့် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ သက်ဆိုင်ရာ ယာဉ်လိုင်းအလိုက် ဖြတ်သန်းဒဏ်ကြေးအဖြစ် မော်တော်ဆိုင်ကယ်များပေးဆောင်ရန် အကြောင်းကြားထားပြီးဖြစ်ပြီး မော်တော်ယာဉ်လိုင်းအသင်းများက မော် တော်ဆိုင်ကယ် ဒဏ်ကြေးပေးဆောင်ရမည့် သတ်မှတ်ရက်ထက် ကျော်လွန်နေပြီဖြစ်၍ ပေးဆောင်ရန် ကျန်ရှိနေသေးသော ယာဉ်လိုင်းများအနေဖြင့် အမြန်ဆုံးပေးဆောင်ကြရန်အသိပေးကာ တာဝန်ခံ၏ ဖုန်း 09 2699 74548 ထံ ဆက်သွယ်ရန် ညွှန်ကြားစာထုတ်ခဲ့သည်။

“သူတို့စစ်ရေးသုံးဖို့ မော်တော်ဆိုင်ကယ်တွေတောင်းတာ။ တစ်စီးတစ်လေမဟုတ်ဘူး။ ယာဥ်လိုင်းတစ်လိုင်းချင်းစီက အစီးရေဆယ်ချီပြီး ဆက်ကြေးလိုလို ဒဏ်ကြေးလိုလိုတောင်းတာ။ ဒီကာလက သိတဲ့အတိုင်းလေ။ လမ်းမှာလက်နက်တွေနဲ့ လုယက်သတ်ဖြတ်နေတော့ ပြည်သူအများစုက ခရီးမသွားရဲဘူး။ ခရီးမသွားရဲတော့ ယာဥ်လိုင်းတွေက ကုန်ရအောင်ရှာပြီးမှထွက်နေရတာ။ ဒီအခြေအနေမှာ သူတို့ဆိုင်ကယ်လိုချင်တယ်။ ဒဏ်ကြေးအဖြစ် ဆိုင်ကယ်ပေးဆိုတော့ ဘယ်ပေးနိုင်ကြမလဲ” ဟု ယာဥ်လိုင်းပိုင်ရှင်တစ်ဦးက MT News သို့ ပြောသည်။

ထိုသို့ ဝေဖန်မှုများထွက်ပေါ်လာ၍ MT News သတင်းဌာနက သပိတ်ကျင်းပကဖကို ထိုသို့ မော်တော်ဆိုင်ကယ်များ ဒဏ်ကြေးကောက်မှုမှာ မည်သို့ကောက်သည်ဆိုခြင်းနှင့် NUG ညွှန်ကြားချက်အရကောက်ခံခြင်းဟုတ် မဟုတ်၊ ပကဖရန်ပုံငွေကောက်ခံခြင်းဟုတ်မဟုတ် အောက်တိုဘာ ၁၆ ရက်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိချေ။

သို့သော် ယနေ့တွင်မူ သပိတ်ကျင်းပကဖက သပိတ်ကျင်းမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာနေသော ယာဥ်လိုင်းများအား မော်တော်ဆိုင်ကယ် အလှူခံသည့် ကိစ္စနှင့် စပ်လျဥ်း၍ ယာဥ်လိုင်းများအနေဖြင့် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အပေါ်တွင် နားလည်မှုလွဲမှားကာ အဆင်မပြေဖြစ်နေကြောင်း စိတ်မကောင်းစွာ သိရှိရကြောင်း၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနှင့် စစ်ရေးအရ လုပ်ငန်းအမြန်ဆောင်ရွက်ရမည့် အခြေအနေများတွင် မော်တော်ဆိုင်ကယ် လုံလောက်မှု မရှိသဖြင့် လုပ်ငန်းနှောင့်နှေးခြင်း၊ ရပ်စဲခြင်း၊ ဖျက်သိမ်းလိုက်ရခြင်း အစရှိသည့် ပြဿနာများကို ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ယာဥ်လိုင်းများထံမှ မော်တော်ဆိုင်ကယ် အလှူခံရခြင်းဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် NUG ၏ အဆင့်ဆင့်သော ကွပ်ကဲမှုအောက်တွင် လိုက်နာဆောင်ရွက်နေပြီး ပြည်သူကိုမျက်နှာမူသော ပြည်သူ့ဘက်တော်သားများ ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် တတ်စွမ်းသမျှ ထောက်ပံ့ကာ ပူးပေါင်းပါဝင်ပေးစေလိုကြောင်း၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့နှင့် စပ်လျဥ်း၍ အခက်အခဲများ ပေါ်ပေါက်ခဲ့ပါက သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ညှိုးငယ်စွာ တောင်းပန်ကြောင်း ဖော်ပြထားသည်။

“သူတို့က အဓမ္မဆက်ကြေးတောင်းတယ်လို့ ဝေဖန်လို့ တောင်းပန်စာပို့တယ်ဆိုပေမဲ့ ဆိုင်ကယ်ကတော့ ပေးကိုပေးရမှာတဲ့။ မပေးတဲ့ယာဥ်လိုင်းက လုယက်သတ်ဖြတ်ခံရနိုင်တာကြောက်ရတော့ ပေးတော့ပေးကြရမှာပေါ့” ဟု သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းသည့်အဝေးပြေးယာဥ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက သပိတ်ကျင်းပကဖ၏ ဆိုင်ကယ်များ မဖြစ်မနေတောင်းခံမှုအပေါ် ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *