October 19, 2024

၁၆. ၁၀. ၂၀၂၃
Written by Peya

လာမည့် ၅ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး ဖြစ်လာခဲ့လျှင် ရန်ကုန်နှင့် ပဲခူး အပါအဝင် မြန်မာနိုင်ငံ နေရာအတော်များများတွင် နေရာကွက်၍ မိုးများလာနိုင်ကြောင်း လူမှုကွန်ရက်တွင် မိုးလေဝသနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဖော်ပြပေးနေသည့် ဦးဝင်းနိုင်၏ အသိပေးထားချက်အရ သိရသည်။

“အောက်တိုဘာ ၂၁ ရက်နေ့မှာ တောင်တရုတ်ပင်လယ်မှာ INVEST-99W က ဗီယက်နမ်ကမ်းခြေမှာ အားယူနေတဲ့အချိန် ဒီဘက် ဘင်္ဂလားပင်လယ်အော်မှာက လေဖိအားနည်းရပ်ဝန်းတခု အစပျိုးမယ်။ အဲ့ဒီကမှ မုန်တိုင်းဖြစ်လာနိုင်မဲ့အခြေအနေက ၅၀ ရာခိုင်နှုန်းအထိ သေချာလာတယ်။ တောင်တရုတ်ပင်လယ်ဘက်က 99W ကတော့ မုန်တိုင်းဖြစ်လာနိုင်ချေ ၉၀% အထိရှိနေပြီးပြီ။ ဒီအခြေအနေတွေကို ပြီးခဲ့တဲ့ ၃၊ ၄ ရက်လောက်ကတည်းက စောင့်ကြည့်ခဲ့ပေမဲ့ သင်္ချာပုံစံမော်ဒယ်တွေက ခန့်မှန်းတာတွေ တအားကွဲလွဲနေလို့ရယ် ရေဘေးအခြေအနေတွေက မပြီးပြတ်သေးတာကြောင့်ရယ် ဒီနေ့အထိ စောင့်ခဲ့ပါတယ်။ ဒီနေ့မှာတော့ NOAA-GFS05, Meteoblue NEMS, CANADA GEMS နဲ့ ဂျာမဏီက ICON မော်ဒယ်တွေအပြင် ECMWF(ဥရောပ)မော်ဒယ်တွေပါ အောက်တိုဘာ ၂၀ ရက်ဝန်းကျင်၊ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်တော့မယ်ဆိုတာ ကြိုတင်ခန့်မှန်းချက်တွေ တွေ့လာရပါတယ်” ဟု ဦးဝင်းနိုင်က ရေးသားထားသည်။

ထိုသို့ ကြိုတင်ခန့်မှန်းချက်အတိုင်း လေဖိအားနည်းသို့မဟုတ် မုန်တိုင်းဖြစ်လာခဲ့ပါက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကာ မိုးပြန်များလာနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာတော့ မိုးက မရွာသလောက်ပါးနေပါမယ်” ဟုလည်း ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *