၁၅. ၁၀. ၂၀၂၃
Written by Nay Aung
ယခုရက်ပိုင်း ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင် စာသင်ကျောင်းပေါင်း အနည်းဆုံး ၂၆၈ ကျောင်းပိတ်ခဲ့ရကြောင်း ဗီယက်နမ်အခြေစိုက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရေနစ်မြှုပ်မှုနည်းပါးသော စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း အချို့စာသင်ကျောင်းများက ရေကြီးမှုကိုတွေ့ကြုံခဲ့ရကြောင်း၊ ရေကြီးမှုကိုတွေ့ကြုံခဲ့ရသော စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် သန့်ရှင်းရေးများလုပ်ဆောင်နေရကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးမှုများဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီးတွင် လူပေါင်းသောင်းချီကို ဘေးလွှတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးတွင် ပြီးခဲ့သောရက်ပိုင်းက ဖြစ်ပွားခဲ့သော ရေကြီးမှုသည် နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင်ရေကြီးမှုဖြစ်ခဲ့ပြီး လယ်မြေများလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် အောက်တိုဘာ ၈ ရက်တွင် ရွာသွန်းခဲ့သည့်မိုးသည် ပဲခူးမြို့အတွက် နှစ်ပေါင်း ၅၉ နှစ်အတွင်း စံချိန်သစ်တင်ဖြစ်ခဲ့ပြီး မိုးရေချိန်လက်မအနေဖြင့် ၇ ဒသမ ၈၇ လက်မအထိ ရှိခဲ့ကြောင်း သိရသည်။ ပဲခူးမြို့တွင် အောက်တိုဘာ ၈ ရက်မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ပဲခူးတိုင်းနေရာ တော်တော်များများပါ ရေလွမ်းမိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်ရေကြီးမှုများသည် ပြီးခဲ့သော ဇူလိုင်လနောက်ပိုင်းတည်းက စတင်ဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအပြင် ရခိုင်၊ ကချင်၊ ကရင်၊ မွန်နှင့်ချင်းပြည်နယ်တို့အပါအဝင် ပြည်နှင့်တိုင်း ၉ခုတွင်ရေကြီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Ref; vietnamplus