October 30, 2024

-GZDF က တောင်းဆို၍ ပစ္စည်းနှင့် ငွေချပေးခဲ့ပြီး ပူးတွဲ Mission ဖော်ရန် သဘောတူညီမှုဖြင့်လုပ်ခဲ့ဟု MRDA (YGN) တုံ့ပြန်

MT News

Written by Nay Moe

YUA (Yangon UG Association) ၏ အဖွဲ့ဝင် Generation Z Defence Force (GZDF)တို့ ဖောက်ခွဲတိုက်ခိုက်မှုနှစ်ခုကို ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA (YGN) အဖွဲ့က ယင်းတို့၏ လုပ်ဆောင်မှုဟု အမည်တပ်လိမ်လည်ထုတ်ပြန်ချက်ကို ဖြေရှင်းပေးရန် YUA ၏ တောင်းဆိုချက်အား ယမန်နေ့ည ၁၀ နာရီခန့်တွင် ထုတ်ပြန်ထားသည်။

တော်လှန်ရေးအဖွဲ့အစည်းများအတွင်း မိမိအမှန်တကယ်လုပ်ဆောင်မှုမရှိဘဲ Mission များ လုပ်ဆောင်နေသည်ဟု ပြည်သူများကို အယုံသွင်းကာ လိမ်လည်အလှူခံမှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ YUA၊ GZDF နှင့် MRDA တို့အကြား ပြဿနာဖြစ်ပွားကာ ဗိုလ်နဂါး၏ MRDA(YGN) က ကိုယ်တိုင်လုပ်​ဆောင်မှုမရှိသည့်တိုက်ခိုက်မှုကို ကိုယ်တိုင်လုပ်ဆောင်ဟန် လိမ်လည် အယောင်ဆောင်ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်း GZDF က စွပ်စွဲထားသည်။

ဖြစ်စဥ်မှာ YUA(GZDF) က နိုဝင်ဘာ ၉ ရက်တွင် အင်းစိန် နံ့သာကုန်းရပ်ကွက်၊ နံ့သာမြိုင်လမ်းထောင့်နှင့် လှိုင်မြစ်လမ်းထောင့်ရှိ နံ့သာကုန်းအုပ်ချုပ်ရေးမှုးရုံးအား ည ၉ နာရီ ၅၅ မိနစ်တွင် အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အကျဥ်းဦးစီးဌာန အိမ်ထောင်သည်လိုင်းခန်းကို ဗုံးတစ်လုံးနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ဗိုလ်နဂါး၏ MRDA (YGN) အဖွဲ့က ယင်းတို့နှင့် GZDF ၏ လုပ်ဆောင်မှုဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် အများပြည်သူအား ထုတ်ပြန်ခဲ့သည်။

အဆိုပါ MRDA(YGN) Page အစစ်မှ သူတစ်ပါးအဖွဲ့အစည်း၏ Mission ကို ကိုယ်တိုင်လုပ်ဆောင်မှုသဖွယ် လိမ်လည်ထုတ်ပြန်သဖြင့် YUA က MRDA(YGN) တာဝန်ခံအား သွားရောက်မေးမြန်းရာ တိကျသည့်ဖြေရှင်းချက်မရခဲ့ဘဲ လိမ်လည်ထုတ်ပြန်ချက်ကို ဖြုတ်ချသွားခဲ့သဖြင့် YUA တာဝန်ခံဆရာကျောင်းက ယင်းဖြစ်စဥ်အပေါ် MRDA(YGN) တာဝန်ရှိသူများက အမြန်ဆုံးဖြေရှင်းပေးရန် ယမန်နေ့ညတွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

”MRDA (YGN) အနေဖြင့် ထုတ်ပြန်ထားသော သတင်းကို ပြန်ဖျက်လိုက်ယုံနှင့် ကိစ္စအားလုံး ပြီးပြတ်သွားမည်မဟုတ်ပါ။ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နှင့် ပြန်လည်ဖြေရှင်းပေးစေချင်ပါသည်။ ကျွန်တော်တို့အမှားဖြစ်ပါက ပြန်လည်တောင်းပန်ရန် ဝန်လေးမည်မဟုတ်ပါ။ အကယ်၍ MRDA(YGN) အနေနှင့် မှားယွင်းပြီး ဆောင်ရွက်မိပါက အများပြည်သူ သိသာစေရန် တရားဝင် ဆောင်ရွက်ဖြေရှင်းပေးစေချင်ပါသည်” ဟု Yangon UG Association (YUA) က တောင်းဆိုထားသည်။

ထို့ပြင် GZDF & Supply Army တာဝန်ခံ ကိုအာလူးကလည်း ကျွန်တော်တို့ GZDF အဖွဲ့၏ ၉ ရက်နေ့ထုတ်ပြန်ချက်ပါ။ မစ်ရှင် ၂ ခုသည် မည်သည့်အဖွဲနဲ့မှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ GZDF တပ်ခွဲ၃ နှင့် တပ်ခွဲ၅ တို့၏ သီးသန့်လုပ်ဆောင်မှုသာဖြစ်သည်။ ထို့ကြောင့် အောက်ဖော်ပြပါ ထုတ်ပြန်ချက်သည် လုံးဝအမှားသာဖြစ်ပါသည်။ GZDF နှင့် MRDA (Yangon) သည် မဟာမိတ်အဖြစ် ပူးပေါင်းထားခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ယခုကဲ့သို့ လိမ်လည်သော ထုတ်ပြန်ချက်ကို MRDA (Yangon) ၏ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် အသိပေးလိုက်ပါသည်” ဟု ကြေညာထားသည်။

အထက်ပါ နှစ်ဖွဲ့၏ ပြောဆိုချက်များအပေါ် MRDA(YGN) အနေဖြင့် GZDF က တောင်းဆို၍ ပစ္စည်းနှင့် ငွေချပေးခဲ့ပြီး ပူးတွဲ Mission ဖော်ရန် သဘောတူညီမှုဖြင့်လုပ်ခဲ့ဟု MRDA (YGN) တုံ့ပြန်ထားပြီး အဆိုပါအခြေအနေများကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားမည်ဟု ဖြေရှင်းထားသည်။

“ကျွန်တော်တို့ MRDA ရန်ကုန်အား GZDF တာဝန်ခံအနေနဲ့လာရောက်ဆက်သွယ်ပြီး Mission လုပ်မည့်အတွက် ထောက်ပံ့ပေးပါရန် အကူအညီတောင်းခံခဲ့သည်။ ကျွန်တော်တို့ MRDAအနေဖြင့် ယင်းလာရောက်ချိတ်ဆက်သူအား လိုအပ်သည့် ပစ္စည်းနှင့် missions စရိတ် ကိုချပေးပြီး ပူးတွဲ mission လုပ်ဆောင်ရန်သဘောတူညီခဲ့ကြပါတယ်။ယခုအချိန်တွင် ကျွန်တော်တို့၏ MRDA Yangon အား တမင်မကောင်းကြံစည်တိုက်ခိုက်ခံနေရခြင်းဖြစ်ကြောင်းနှင့် MRDA မှ တင်သမျှ စစ်ရေး Missions Post များအား အဖွဲ့အစည်းတစ်ခုခုမှ စောင့်ကြည့် Report ထု ဖျက်ချခံနေရကြောင်း MRDA အနေဖြင့်သက်သေအချို့ဖြင့် အတိအလင်းကြေညာအပ်ပါသည်ခင်ဗျာ။ ကျွန်တော် တို့ MRDA Yangonတပ်ဖွဲ့မှ ထိုကဲ့သို့တမင်လိမ်လည် မကောင်းကြံစည်နာမည်ဖျက်သူများကို MOD တိုင်ကြားပြီးလုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု MRDA Yangon တပ်ဖွဲ့က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *