October 19, 2024

၁၆. ၁၀. ၂၀၂၃
Written by Peya

စာမရ၍ဟု ဆိုကာ ဆရာမ၏ ရိုက်နှက်ခံရသောကြောင့် ဆေးရုံတင်ထားရသည့် အသက် ၇ နှစ်အရွယ် Grade 1 ကျောင်းသူ၏ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်ကာ ရိုက်နှက်သူ ဆရာမကို အရေးယူ၊ မယူနှင့် ပတ်သက်၍ မိဘများလာမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြိုနယ်၊ ဟိုနမ့်ကျေးရွာ ရှိ အခြေခံပညာမူလတန်းတွင် ပညာသင်ကြားနေသော အသက် ၇ နှစ်အရွယ် Grade 1 ကျောင်းသူသည် ကျန်းမာရေး မကောင်းသည့်အတွက် သုံးရက်ခန့် ကျောင်းမသွားနိုင်ခဲ့ဘဲ အောက်တိုဘာ ၉ ရက်မှ နေကောင်းသည့်အတွက် ကျောင်းသွားခဲ့ရာ စာမေးပွဲနီးပြီ ဖြစ်သည့်အတွက် စာမေးရာတွင် မရသောကြောင့် ဆရာမက စိတ်တိုပြီး ခေါင်းကို တုတ်ဖြင့် ရိုက်ခြင်း၊ ကန်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အရိုက်ခံရပြီးနောက် ကျောင်းဆင်းချိန်တွင် မူးဝေနေသည့်အတွက် တစ်ယောက်တည်း အိမ်သိုပင် မပြန်နိုင်တော့သောကြောင့် သူငယ်ချင်းများက အိမ်တွင်ကျန်ခဲ့သူ အဖိုးကို အသိပေး၍ ကလေးကို သွားခေါ်ခဲ့ကာ အိမ်တွင်လည်း အစာမစားဘဲ ခေါင်းမူးသည်ဟုသာ ပြောနေသည့် အတွက် ခိုလမ်မြို ကုတင် ၈၀ စစ်ဆေးရုံသို အောက်တိုဘာ ၁၀ ရက်တွင် ခေါ်လာခဲ့ခြင်း ဖြစ်ကာ စေတနာရှင်များက ကလေးငယ်အတွက် ငွေကြေးထောက်ပံ့မှုများကို ပြုလုပ်နေကြသည်။

This image has an empty alt attribute; its file name is photo_2023-10-16_15-17-44-768x1024.jpg

“ဆရာဝန်က မနက်ဖြန် ဆင်းလို့ရတယ် ပြောပါတယ်။ အခုက မျက်နှာ ညိုမဲတာတော့ မပျောက်သေးပါဘူး။ (မျက်နှာညိုနေတာ အတွက်) ဆေးသောက်ရင် ပျောက်မယ်လို့ ပြောပါတယ်။ ဒီနေ့ မျက်နှာကို ဓာတ်မှန်သွားရိုက်ပြီးရင် ရပြီလို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ကလေးငယ်ကို အပြင်းအထန်ဒဏ်ရာရအောင် ရိုက်နှက်သူ ဆရာမကို တိုင်ကြားရန် ရှိ၊ မရှိ နှင့် ပတ်သက်၍ မေးမြန်းရာတွင် ကလေးငယ်၏ မိဘနှစ်ပါးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့်အတွက် လက်ရှိတွင် ပြန်လာနေပြီဖြစ်ကာ ယင်းတို့ ရောက်လာမှသာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဆွေမျိုးတွေ ပြောပြချက်အရ ပထမဆုံး ခြေထောက်နဲ့ လေးငါးချက် ကန်တယ်။ ပြီးတော့မှ ခေါင်းကို တုတ်နဲ့ ရိုက်တယ်။ ခေါင်းကို တုတ်နဲ့ ရိုက်တာက အာရုံကြော ထိမိသွားလို့လား မသိဘူး။ မျက်လုံးတွေ၊ နားတွေ၊ မျက်နှာတွေ ညိုမည်းတာ ဖြစ်လာတယ်လို့ ပြောပါတယ်” ဟု အောက်တိုဘာ ၁၃ ရက်တွင် ကလေးငယ်နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးခဲ့သူ အခြားတစ်ဦးက MT News သတင်းဌာနသို့ ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *