October 19, 2024

၁၆. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးဗျူရို(FBI) ညွှန်ကြားရေးမှူး ခရစ်စတိုဖာ ရွေးက အစ္စရေး-ဟားမားစ်စစ်ပွဲစတင်ဖြစ်ပွားနေချိန်ကစပြီး အမေရိကန်နိုင်ငံအတွင်းမှာလည်း ခြိမ်းခြောက်မှုတွေ တိုးတက်လာနေတာကို တွေ့ရှိရတယ်လို့ အောက်တိုဘာ ၁၄ ရက်က သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ရွေး က“ အစ္စရေး-ဟားမားစ် ပဋိပက္ခအပေါ် အသုံးချအမြတ်ထုတ်ပြီး အမေရိကန်နိုင်ငံအတွင်းမှာလည်း ဟားမားစ်နဲ့ ပြည်ပအကြမ်းဖက်အဖွဲ့တွေက သူတို့ကိုထောက်ခံသူတွေကို အသုံးပြုလို့ တိုက်ခိုက်မှုတွေ ပြုလာနိုင်တာကြောင့် ကျွန်တော်တို့အနေနဲ့ အထင်သေးလျှော့တွက်ထားလို့တော့မရဘူး” လို့ ပြောခဲ့ပါတယ်။

FBI ဟာ အမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့အတူ လွန်ခဲ့သောရက်သတ္တပတ်က အမေရိကန် နိုင်ငံအတွင်း အစ္စရေး-ဟားမားစ် စစ်ပွဲနဲ့ဆက်စပ်ပြီး ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကိုသတိရှိကြဖို့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကို သတိပေးကြေညာချက် ထုတ်ခဲ့ပါသေးတယ်။ FBI တာဝန်ရှိသူတွေကလည်း ဒီလိုတိုက်ခိုက်မှုတွေက ဂျူးလူမျိုးတွေကိုသာမက မွတ်စလင်အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထားလာနိုင်တယ်လို့ပြောခဲ့ကြပါတယ်။

ဒီလို အကြမ်းဖက်မှု ခြိမ်းခြောက်မှုတွေ တိုးပွားလာနေတာနဲ့အတူ FBI အရာရှိကြီးတွေကလည်း ဂျူးနဲ့ မွတ်စလင် လူ့အဖွဲ့အစည်းတွေကို နိုင်ငံတစ်ဝန်းတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲတွေရဲ့ ရည်ရွယ်ချက်က ဂျူးနဲ့ မွတ်စလင် လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို တစ်ခုခု စိုးရိမ်ဖွယ်ရာတွေ့ ခဲ့ရင် FBI ကို အကြောင်းကြားဖို့နဲ့ FBI အနေနဲ့ သူတို့လုံခြုံရေးစောင့်ရှောက်ဖို့ အသင့် ရှိတယ်ဆိုတာ ပြောဖို့ဖြစ်တယ်လို့ဆိုကြပါတယ်။

ဒါ့ပြင် ခရစ်စတိုဖာ ရွေး က အစ္စရေးနိုင်ငံအတွင်းစစ်ပွဲကာလမှာ ပျောက်ဆုံးနေသူတွေအပါအဝင် ဘေး ဒုက္ခရောက်ကြရတဲ့ အမေရိကန်တွေကို မည်သူမည်ဝါခွဲခြားသိရှိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်းဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရ အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း အမေရိကန်နိုင်ငံသား ၂၄ ဦးသေဆုံးပြီး ၁၅ ဦးပျောက်ဆုံးနေဆဲလို့သိရပါတယ်။

Ref—–WSJ

Leave a Reply

Your email address will not be published. Required fields are marked *