October 19, 2024

၁၆. ၁၀. ၂၀၂၃

Written by Nyein Kyaw၊ Min Mahar

NCA အလုပ်မဖြစ်ဘူးဟု ပြောနေကြသည့်အပေါ် နိုင်ငံရေးအရအဖြေရှာမှုကို ဆန့်ကျင်နေသရွေ့ NCA အကောင်အထည်ဖော်မှုကို ထိခိုက်နေမည်မှာ အမှန်ပင်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးအောင်မင်း (သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး – ငြိမ်း) မှ အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“NCA အလုပ်မဖြစ်ဘူးလို့ ပြောနေကြပါတယ်။ ကျွန်တော့်အမြင်အရတော့ နိုင်ငံရေးအဖြေရှာမှုကို ဆန့်ကျင်နေသရွေ့တော့ NCA အကောင်အထည်ဖော်မှုကို ထိခိုက်နေမှာအမှန်ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှာ အပစ်အခတ်ရပ်စဲရေးကို အဓိကထား ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို ပြောင်းလဲ​နေခြင်းကြောင့် အပစ်ရပ်ကာ ဒီမိုကရေစီဘောင်ထဲအားလုံး ပါဝင်လာပါက ငြိမ်းချမ်းရေးရလာမည်ဖြစ်သည်ကို ကနဦးစဉ်းစားခဲ့ကြကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး NCA စာချုပ်ကို အကောင် အထည် ဖော်ရမည့်အချိန်တွင် ရွေးကောက်ပွဲရလဒ်အရ အစိုးရအသစ်ဖြစ်လာသည့် NLD ပါတီအနေဖြင့်လည်း စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း ယခင်ချဉ်းကပ်မှုပုံစံများနှင့် မတူညီတော့ဘဲ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး နိုင်ငံရေးအကူးအပြောင်းလုပ်မည့် လမ်းကြောင်းကို ပြောင်းလဲခဲ့ကြောင်း ဦးအောင်မင်းက ပြောသည်။

“ကျွန်တော်တို့ ယခင်စဉ်းစားခဲ့တဲ့ချဉ်းကပ်မှုနဲ့ မတူခဲ့ပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို အခြေခံပြီး ဒီမိုကရေစီအကူးအပြောင်း လုပ်မယ်ဆိုတဲ့ လမ်းကြောင်းကနေ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး နိုင်ငံရေးအကူးအပြောင်းကို လုပ်မယ့် လမ်းကြောင်းကို ပြောင်းသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဦးစားပေးအဆင့် (၁) နေရာက အဆင့်လျှော့ချခြင်း ခံခဲ့ရပါတယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။

NCA စာချုပ်တွင် အင်မတန်အရေးကြီးသည့် အချက်တစ်ခုပါရှိပြီး စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အစု၊ အဖွဲ့အတိုင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်‌ထောင်စုကို တည်ဆောက်မည်ဆိုသော အချက်ကို သဘောတူလက်ခံခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံ၏အနာဂတ်ကို မည်သည့်စနစ်မျိုးဖြင့် ထူထောင်သွားမည်ဆိုခြင်းကို လက်ခံထားပြီးဖြစ်ကြောင်း၊ ယင်းအချက်သည် မြန်မာနိုင်ငံသမိုင်းတွင် အင်မတန် အရေးပါသည့် အချက်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *