October 19, 2024

၁၆. ၁၀. ၂၀၂၃
Written by Pan Ei

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနှင့်စစ်ပွဲအတွင်း မော်စကိုအား တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကို မီးမောင်းထိုးပြသည့် ခရီးစဉ်အဖြစ် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဘေဂျင်းမြို့၌ တရုတ်နိုင်ငံမှခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရသည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အစ္စရေး-ဟားမားစ်စစ်ပွဲကြောင့် ရှုပ်ထွေးနေသည့် အမေရိကန်နှင့် အခြားဒီမိုကရေစီနိုင်ငံများကို ဆန့်ကျင်သော အလွတ်သဘော မဟာမိတ်အဖွဲ့တစ်ခုကိုဖွဲ့စည်းထားပြီး တရုတ်နိုင်ငံသည် ရုရှား၏ ကျောထောက်နောက်ခံ အခိုင်အမာရရှိထားသော အီရန်နှင့် ဆီးရီးယားနိုင်ငံတို့နှင့် စီးပွားရေးအရ ဆက်ဆံရေးထားရှိခြင်းနှင့်အတူ အစ္စရေးနိုင်ငံနှင့်လည်း ၎င်း၏ ဆက်ဆံရေးကို ဟန်ချက်ညီစေရန် ကြိုးပမ်းခဲ့သည်။

ပူတင်၏ ခရီးစဉ်သည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖိန်၏ အခြေခံအဆောက်အဦများ တည်ဆောက်ရန်နှင့် တရုတ်နိုင်ငံ၏ ပြည်ပဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ပရောဂျက်ဖြစ်သည့် Belt and Road ပရောဂျက်ကို ထောက်ခံကြောင်း ပြသခြင်းလည်း ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များ​၏ မေးမြန်းမှုကိုဖြေကြားရာတွင် ရုရှားသမ္မတ ပူတင်က “Belt and Road ဆိုင်ရာ ပရောဂျက်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ပါဝင်မယ်”ဟု ပြောကြားခဲ့ပြီး မော်စကိုနှင့် ဘေကျင်းကြား စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

သမ္မတ ပူတင်၏ ခရီးစဉ်အကြောင်း အသေးစိတ်ကို အတည်မပြုရသေးသော်လည်း တနင်္လာနေ့နှောင်းပိုင်းတွင် ရောက်ရှိလာနိုင်ကြောင်း တရုတ်အရာရှိများက ဖော်ပြထားသည်။

တရုတ်နှင့် ယခင် ဆိုဗီယက်ယူနီယံတို့သည် လက်ဝဲယိမ်းနိုင်ငံများကြားတွင် သြဇာလွှမ်းမိုးရန် စစ်အေးခေတ်ပြိုင်ဖက်များဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေးရာနယ်ပယ်များတွင်ပါ ပူးပေါင်းလာခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖိန်သည်လည်း ပြီးခဲ့သည့် မတ်လက ရုရှားနိုင်ငံ မော်စကိုမြို့သို့ နိုင်ငံတော်ချစ်ကြည်ရေးခရီးအဖြစ် သွားရောက်ခဲ့သေးသည်။

Ref; AP

Leave a Reply

Your email address will not be published. Required fields are marked *