October 19, 2024

၁၆. ၁၀. ၂၀၂၃
Written by Nyein Kyaw၊ Min Mahar

တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထံ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကနေ စတင်ခဲ့တာဖြစ်ပြီး NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ရက်ပေါင်း ၁၄၅၀ ကြာတဲ့အထိ အစည်းအဝေးပေါင်း ၅၀၀၀ ခန့် ကျင်းပညှိနှိုင်းခဲ့ပြီးမှသာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နဲ့ လက်မှတ်‌ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်း ၁၀ ဖွဲ့အထိ ရှိလာပါပြီ။

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေရဲ့ သံတမန်တွေ၊ ပြည်တွင်းအသိသက်သေတွေ ရှေ့မှောက် လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီး အဓိပ္ပါယ်ရှိရှိ ရေးထိုးခဲ့တာဖြစ်လို့ NCA စာချုပ်ဟာ သမိုင်းဝင်စာချုပ်ဖြစ်ပြီး ဘယ်သောအခါမှ ပျက်ပြယ်မှုမရှိဘဲ တည်ရှိနေမယ့် စာချုပ်ဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအာင်လှိုင်က အထပ်ထပ်အခါခါ ပြောဆိုခဲ့တာဖြစ်ပြီး လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ထာဝရငြိမ်းချမ်းအတွက် NCA လမ်းကြောင်းကနေ လျှောက်လှမ်းဖို့ ဖိတ်ခေါ်မှုတွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 2-3-1024x682.jpg

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်တဲ့ NCA (၈) နှစ်မြောက်နေ့ နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ MICC-2 မှာ ကျင်းပခဲ့ပြီး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လက်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ပြည်ပနိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့အထိ တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံတွေကလည်း လိုလားနေကြပြီး NCA ရဲ့ အနှစ်သာရအပေါ် အခြေခံပြီး ငြိမ်းချမ်း‌ရေးလမ်းစဉ်ခရီးကို လျှောက်လှမ်းဖို့ တိုက်တွန်းခဲ့ကြတာဖြစ်သလို NCA စာချုပ်အပေါ် အခြေခံကာ ဆက်လက်လျှောက်လှမ်းဖို့ သူတို့ရဲ့ သဘောထားကို ဖော်ထုတ်လာကြပါတယ်။

NCA လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာ အသိသက်သေ နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဖြေရှင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲ့ NCA လမ်းကြောင်းကိုထောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်စနစ် တည်ထောင်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုအတွက် လိုအပ်မှုတွေကို အစဉ်တစိုက် ကူညီပံ့ပိုးပေးသွားမယ်လို့ အိန္ဒိယသမ္မတနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာဗစ်ခရမ်မစ်ဆရီက NCA (၈) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is 3-3-1024x682.jpg

“NCA ဟာ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်သာမကဘဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်နေကာ အကြမ်းဖက်မှုများနဲ့ ပဋိပက္ခများမှ ကင်းဝေးတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်လိုတဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ရပ်လည်းဖြစ်ပါတယ်” လို့ မစ္စတာဗစ်ခရမ်မစ်ဆရီက ပြောကြားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ NCA လက်မှတ်ရေးထိုးတဲ့ သမိုင်းဝင်အခမ်းအနားမှာ အသိသက်သေ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ NCA ကနဦး အစပြုချိန်ကတည်းက အပြည့်အဝ ပံ့ပိုးပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း အထူးကျေနပ်ကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က NCA (၈) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ရပ်မှတစ်ဆင့် တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုများကိုအခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အာမခံချက်ရှိစွာ ဖော်ဆောင်ရယူနိုင်ရေးမှာ NCA ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်” ဟု Mr. Sihasak Phuangketkeow ရဲ့ ပြောကြားချက်က NCA ဟာ ဘယ်တော့မှ မပျက်ပြယ်နိုင်ဘဲ နိုင်ငံတကာအသုံးအဝန်းကြားမှာ အသိအမှတ်ပြုခံထားရတာကို သက်သေပြလိုက်တာပါ။

ထိုင်းနိုင်ငံအနေနဲ့ အဆိုပါအမြင်အား လွန်ခဲ့တဲ့ရှစ်နှစ်ခန့်ကတည်းကပင် အပြည့်အဝ ထောက်ခံအားပေးခဲ့တာဖြစ်ပြီး မိမိတိုရဲ့ထောက်ခံအားပေးမှုမှာ ယနေ့ထိတိုင် ခိုင်မြဲစွာနဲ့ တသမတ်တည်း ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ Mr. Sihasak Phuangketkeow က လေးနက်စွာ ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစွာထောက်ခံအားပေးကြောင်းနဲ့ မြန်မာနိုင်ငံက ဘက်အသီးသီးရဲ့ လိုအပ်ချက်အရ မြန်မာနိုင်ငံတော်အချုပ်ခြာအာဏာကို အပြည့်အဝလေးစားတဲ့ အခြေအနေမှာ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာဆွေးနွေးရန် တိုက်တွန်းတဲ့ အပြုသဘောဆောင် အခန်းကဏ္ဍကနေပါဝင်ပြီး မြန်မာနိုင်ငံငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ တက်တက်ကြွကြွကူညီတိုက်တွန်းအားပေးလိုတယ်လို့ NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသိုတက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun က ပြောကြားခဲ့တာဖြစ်ပါတယ်။

“တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်”လို့ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Mr. Deng Xijun က ပြောကြားခဲ့တာပါ။

This image has an empty alt attribute; its file name is 5-2-1024x682.jpg

လက်ရှိ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့က ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ပဲဖြစ်ပါတယ်။

လက်ရှိမှာ NCA ဟာ ပျက်ပြယ်သွားပြီဆိုတဲ့ မှတ်ချက်မျိုးတွေနဲ့ နိုင်ငံသစ္စာဖောက်အချို့နဲ့ ပြည်ပနိုင်ငံအချို့က NCA ရဲ့ အောင်မြင်ရေးအသီးအပွင့်တွေ ဆုံးရှုံးအောင်၊ ပျက်ပြယ်အောင် သွေးထိုးလှုံဆော်မှုတွေရှိခဲ့တယ်လို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အသိပေးကာ သတိချက်နိုင်ဖို့ ပြောကြားခဲ့ပါတယ်။

NCA နှစ်ပတ်လည်အခမ်းအနားမှာ လက်မှတ်ရေးထိုးထားသူ ၉ ဖွဲ့တက်တာဖြစ်ပေမဲ့ ၇ ဖွဲ့ကပဲ တရားဝင်လာရောက်ပြီး တချို့ကတော့ NCA ပျက်တယ်ဆိုတဲ့လမ်းကြောင်းပေါ်မှာ ခေါင်းကြောမာနေဆဲပါ။ သေချာတာကတော့ ကမ္ဘာ့နိုင်ငံတွေကတောင် ပျက်ပြယ်မှုမရှိသေးလို့ တက်ရောက်ချီးမြှင့်တဲ့ NCA ကို ပျက်ပါပြီလို့ တဇွတ်ထိုးပြောနေမှုတွေက ငြိမ်းချမ်းရေးမလိုချင်ဘဲ လက်နက်ဆွဲကိုင်ထားတဲ့ အသီးအပွင့်တွေကို မက်မောနေဆဲလို့ ပြောရမှာဖြစ်သလို လက်နက်အားကိုးနဲ့ NCA ကို သွေဖယ်နေသရွေ့တော့ ငြိမ်းချမ်းရေးလည်း အလှမ်းဝေးနေဦးမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *