
၁၆. ၁၀. ၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် လေဖြတ်၍ အလှူခံစားနေရသူ အသက် ၂၇ နှစ်အရွယ် သားသည်အမေကို အိမ်ပေါ်တက်ကာ အဓမ္မကျင့်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မြို့ခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ပေါက်တောမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စု၊ ငရီချိုင်ကျေးရွာတွင် အောက်တိုဘာ ၁၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးမှာ အသက် ၂၇ နှစ်အရွယ် ကလေး ၂ ယောက် မိခင်ဖြစ်ကာ ခင်ပွန်းသည်နှင့်ကွဲနေပြီး လေဖြတ်နေသူဖြစ်ကြောင်းလည်း သိရသည်။
“ကျူးလွန်သူက အသက် ၃၅ နှစ်အရွယ် ဦးညွန့်တိမ်မောင်ပါ။ ကျူးလွန်ခံရသူက အဖေ့အိမ်မှာ အဖီဆွဲနေတာ။ အောက်တိုဘာ ၁၄ ရက် ညပိုင်းမှာ အိမ်ရဲ့ အဖီကို တက်လာပြီးတော့ အဓမ္မကျင့်တာ” ဟု အထက်ပါ ဒေသခံက ဆိုသည်။
ကျူးလွန်သူက ဇနီးအဖြစ်ယူမည်ဟုဆိုကာ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်တွင် မိသားစုအားလုံးက အိပ်ပျော်နေသည့်အတွက် မသိလိုက်ဘဲ အိမ်နီးချင်းများက ကျူးလွန်သူကို မြင်လိုက်သည့်အတွက် သိရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဒေသခံများကို မေးမြန်းထားချက်အရ MT News သို့ ရှင်းပြသည်။
“အိမ်နီးချင်းက ကွမ်းသွားတောင်းစားတော့ အသံတိတ်နေလို့ စိုးရိမ်ပြီး တံခါးသွားဖွင့်ကြည့်တာမှာ မြင်တာ။ သူက ဆင်းပြေးသွားတယ်။ ကလေး ၂ ယောက်ကို အလှူခံပြီး ရှာကျွေးနေတဲ့ မိခင်တစ်ယောက်လို့ သိရတယ်” ဟု အထက်ပါ ဒေသခံ က ရှင်းပြသည်။
ကျုးလွန်သူမှာ အဆိုပါ ကျေးရွာဇာတိမဟုတ်ဘဲ မောင်တောမြို့နယ်၊ ဖဒူအလယ်ရွာဇာတိဖြစ်ကာ လက်ရှိတွင် AA က ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။