October 19, 2024

၁၆. ၁၀. ၂၀၂၃
written by Htwe Ko Tun

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အစ္စရေးတပ်ဖွဲ့​တွေအနေနဲ့ ဂါဇာကမ်းမြောင်ကို လေကြောင်းကတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေသလို မြေပြင်စစ်ဆင်မှုတွေ ဆင်နွှဲသွားဖို့ပြုလုပ်ထားပြီး အစ္စရေး အနေနဲ့ ဂါဇာကို ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက တိုက်ခိုက်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အောက်တိုဘာ ၁၅ ရက်မှာပြောကြားခဲ့ပါတယ်။

အစ္စရေး ပြောခဲ့ပြီးနောက်မှာ သူ့ရဲ့ အခိုင်မာဆုံးမဟာမိတ်ဖြစ်သလို ဟားမားစ် တိုက်ခိုက်မှုစတင်ချိန်ကစ အစ္စရေးဘက် ရပ်တည်လာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးအနေနဲ့ ဂါဇာကိုသိမ်းပိုက်ဖို့ကြိုးစားမယ်ဆိုရင် အကြီးမားဆုံးသော အမှားတစ်ခုကို ကျူးလွန်ရာရောက်လိမ့်မယ်လို့ အောက်တိုဘာ ၁၅ ရက်မှာပဲ သတိပေးပြောကြားခဲ့ပါတယ်။

ဟားမားစ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား အနည်းဆုံး ၂၉ ဦးအပါအဝင် လူ ၁,၃၀၀ ကျော်သေဆုံးခဲ့ရပြီဖြစ်တဲ့ အစ္စရေး -ဟားမားစ် စစ်ပွဲအတွင်းမှာ အမေရိကန်အနေနဲ့ သူ့ရဲ့မဟာမိတ်ဖြစ်သူကို ထိန်းချုပ်ဖို့ ပထမဆုံး လူသိရှင်ကြားပြောကြားတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တို့ စတင်တိုက်ခိုက်ကတည်းက သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးကို ခိုင်မာတဲ့ထောက်ပံမှု ပြုခဲ့ပါတယ်။ ဟားမားစ်တို့ထိန်းချုပ်ထားတဲ့ ဂါဇာကို အစ္စရေးရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေအပေါ်ကုလသမဂ္ဂ တာဝန်ရှိသူတွေက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်လာနိုင်တယ်လို့ သတိပေးလာတာတောင် ဘိုင်ဒန်ကတော့တစ်စုံတစ်ရာ ဝေဖန်ပြောကြားဖို့လည်းငြင်းဆိုခဲ့သူပါ။ဒါပေမဲ့ နောက်ဆုံးရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းမှုမှာ တော့ ဂျိုးဘိုင်ဒန်က အစ္စရေးကို အခုလိုပဲ သတိပေးလာခဲ့တာပါ။

အောက်တိုဘာ ၁၅ ရက် ညမှာထုတ်လွှင့်သွားတဲ့ CBS သတင်းဌာနနဲ့ ‘မိနစ် -၆၀’ လို့ခေါ်တဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဂျိုးဘိုင်ဒန်က “ဂါဇာဒေသမှာ ဘာတွေဖြစ်နေသလဲ။ ကျွန်တော့်အမြင်ပြောရရင် ဟားမားစ်နဲ့အစွန်းရောက်အဖွဲ့တွေက ဒေသတွင်းပါလက်စတိုင်းပြည်သူတွေကို ကိုယ်စားမပြုဘူး။ ဒီတော့ အစ္စရေးအနေနဲ့ ဂါဇာကို သိမ်းပိုက်မယ်ဆိုရင် အမှားတစ်ရပ်ကျူးလွန်ရာရောက်မယ်။ ဒါပေမယ့်အစွန်းရောက်အဖွဲ့တွေကိုတော့ ဒေသထဲကဖယ်ရှားနိုင်ဖို့ မရှိမဖြစ်လိုလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်က ဟားမားစ်တို့ကို တိုက်ခိုက်ရာမှာ သူ့အနေနဲ့ အစ္စရေးနဲ့ စည်းလုံးညီညွတ်မှု ရှိတာကို ပြနိုင်ဖို့ လာမယ့်ရက်တွေအတွင်းမှာ အစ္စရေးကိုသွားဖို့ စဥ်းစားနေကြောင်းလည်းသိရပါတယ်။

သို့သော်လည်း တွေ့ဆုံမေးမြန်းမှုမှာ ဂျိုးဘိုင်ဒန်က အစ္စရေးအနေနဲ့ မြေပြင် တပ်ဖွဲ့တွေကို ဂါဇာဒေသသို့ခေတ္တစေလွှတ်ခြင်း ပြုသင့်သလားဆိုတာကို ပြတ်ပြတ်သားသားမပြောကြားခဲ့ပါဘူး။

အစ္စရေးက သူ့ရဲ့တပ်ဖွဲ့တွေကို ၂၀၀၅ ခုနစ်မှာ ဂါဇာကမ်း​မြောင်ဒေသကနေ ပြန်လည်ဆုတ်ခွာလာတာပါ။ ဒီ့နောက်မှာတော့ ဟားမားစ်အုပ်စုက ၂၀၀၆ ခုနှစ်ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့ကာ ဒေသကို ထိန်းချုပ်လာခဲ့ပါတယ်။ ဒါ့အပြင် ဟားမားစ်တို့က အလယ်အလတ်သဘောထားရှိတဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေကို ဒေသအတွင်းက မောင်းထုတ်ခဲ့ပြီး သူတို့က ပါလက်စတိုင်း အာဏာပိုင် အဖွဲ့အမည်နဲ့ အနောက်ဘက်ကမ်းဒေသမှာ အခြေချနေကြပါတယ်။

Ref—–NY Times

Leave a Reply

Your email address will not be published. Required fields are marked *