၁၆. ၁၀. ၂၀၂၃
Written by Peya
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က အတွင်းဘက် ကျသည့် ရပ်ကွက်အချို့တွင် ရေကြီးမှုဒဏ်ကို ခံနေရပြီး အလှူရှင်နည်းပါးသောကြောင့် အခက်အခဲရှိနေကြောင်း ဒေသခံများထံက MTNews သတင်းဌာန မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ရေကြီးသည့် ဒဏ်ကို ခံနေရသည်မှာ ငါးရက်ခန့် ရှိနေပြီ ဖြစ်ကာ ရပ်ကွက်နေ ပြည်သူများအနေဖြင့် အချို့က နီးစပ်ရာနေရာများတွင် ပြောင်းရွှေ့နေကြကာ အချို့ကလည်း အိမ်တွင်ပင် နေလို့ ရသည့် အခြေအနေ ဖန်တီးကာ နေထိုင်နေကြရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
“၁၂၅ ရပ်ကွက်ပါမယ်။ ၁၅၆ ရပ်ကွက်ပါမယ်၊ ၁၅၅ ရပ်ကွက်ပါမယ်၊ ၁၃၈ ရပ်ကွက် စသည်ဖြင့် ရေကြီးနေတာပေါ့။ ၁၆၇ နဲ့ ၁၅၆ က အတွင်းဘက်ကို ကျတယ်။ ရေကလည်း တော်တော်နက်တယ်။ တချို့နေရာတွေဆို ပေါင်လောက်၊ ရင်စို့လောက်ကို ရှိတယ်။ အခက်အခဲကကျတော့ အတွင်းဘက် အရမ်းရောက်တော့ အလှူရှင် မရောက်ဘူး။ သွားနိုင်၊ လာနိုင်လောက်ပဲ အလှူရှင်က ရောက်တာပါ” ဟု အထက်ပါ ဒေသခံက ဆိုသည်။
ရေနက်ကွင်းအတွင်းရှိနေသော အရှေ့ဒဂုံရှိ မြို့နယ်အများစုမှာ လက်ရှိအချိန်တွင် ရပ်ကွက်တိုင်းလိုလို ရေကြီးနစ်မြုပ်နေသော်လည်း အထက်ပါရပ်ကွက်များမှာ ရေကြီးရေလျှံမှုဒဏ်ကို အဆိုးဆုံးခံရသောရပ်ကွက်များလည်းဖြစ်သည်။